
ရုရှားကြေးစားတပ်ဖွဲ့ ဝဂ္ဂနာခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်ရဲ့ မအောင်မြင်တဲ့ ပုန်ကန်မှုဟာ သမ္မတပူတင်ရဲ့ စနစ်နဲ့ ယူကရိန်းရှိ ရုရှားရဲ့ဗျူဟာ နှစ်ခုလုံးက အားနည်းချက်တွေကို ဖော်ထုတ်နိုင်ခဲ့တယ် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ဒါရိုက်တာ ဝီလျံမ်ဘန်းစ်က ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်း အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ညီလာခံဖြစ်တဲ့ Aspen လုံခြုံရေးဖိုရမ်မှာ အမျိုးသားပြည်သူ့ရေဒီယို NPR မှ အသံလွှင့်သူ မေရီလူးဝစ္စ်ကယ်လီနဲ့ ဆွေးနွေးရာမှာ စီအိုင်အေဒါရိုက်တာ ဝီလျံမ် ဘန်းစ်က ပြောသွားတာပါ။
ဗလာဒီမာပူတင်ရဲ့ အာဏာသက်တမ်း ၂၃ နှစ်အတွင်းမှာ ရုရှားအစိုးရကို တိုက်ရိုက်တိုက်ခိုက်ခဲ့တဲ့ ပရီဂေါ့ရှင်ရဲ့ ပုန်ကန်မှုထက် ပိုစိတ်ဝင်စားဖို့ကောင်းတာ တခုမှမရှိသေးဘူးလို့လည်း သူကဆိုပါတယ်။
ပူတင်တည်ဆောက်ခဲ့တဲ့စနစ်မှာ သိသာထင်ရှားတဲ့ အားနည်းချက်တချို့နဲ့ ပြီးခဲ့တဲ့ ၁၈ လက ယူကရိန်းမှာ ပူတင်စခဲ့တဲ့ ဆိုးရွားနက်ရှိုင်းတဲ့ အဖျက်စစ်ပွဲကြောင့် နဂိုရှိထားပြီးသား အားနည်းချက်တွေဟာ ပူတင်ရဲ့ စီရင်ချက်တလွဲတွေကြောင့် ပေါ်လာတာလို့ သူက ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ စစ်မြေပြင်မှာ နောက်ထပ် တိုးတက်မှုတွေ ရှိလာတဲ့အခါ ယူကရိန်းမှာ စစ်မြေပြင်နဲ့ ရုရှားပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေဟာ ဆက်စပ်မှုရှိနေတယ်လို့ ထင်မြင်ကြောင်းလည်း သူကပြောပါတယ်။
အမှန်က ရုရှားနိုင်ငံထဲက အထက်တန်းလွှာတွေနဲ့ ရုရှားနိုင်ငံပြင်ပ ရောက်နေသူတွေဆီမှာ မကျေနပ်ချက်တွေ အများကြီးရှိနေတာကြောင့် စီအိုင်အေ နဲ့ တခြား ထောက်လှမ်းရေး အေဂျင်စီတွေအတွက် အခွင့်ကောင်းယူဖို့ အချိန်ဖြုန်းနေမှာ မဟုတ်ကြောင်းလည်း ဘန်းစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ တလလောက်က ရုရှားစံတော်ချိန် မနက်ပိုင်းမှာ ပရီဂေါ့ရှင်ဟာ ရုရှားလူဦးရေ ၃ ပုံ ၁ ပုံလောက်သုံးစွဲနေတဲ့ တယ်လီဂရမ်ချန်နယ်တခုမှာ မိနစ် ၃၀ စာ ဗီဒီယိုတခုကို တင်ခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုဟာ ပူတင်ရဲ့ စစ်တိုက်ရတဲ့ ကျိုးကြောင်းဆီလျော်မှု၊ စစ်ပွဲရဲ့ အစီအမံနဲ့ ရုရှားရော ရုရှားမဟုတ်သူရောဆီက ကြားသိရတဲ့ ပူတင်အစိုးရရဲ့ အဓိက အကျင့်ပျက်ခြစားမှု အကြောင်းတွေကို ပက်ပက်စက်စက်စွဲချက်တင်ထားတာဖြစ်လို့ တော်တော်ထူးခြားတယ်လို့ ဆိုပါတယ်။
သူ့ရဲ့အတွေ့အကြုံအရ ပူတင်ဟာ အချိန်ကောင်းကို စောင့်ဆိုင်းပြီး လက်စားချေတတ်သူ ဖြစ်တာကြောင့် ဒီအခြေအနေကို အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းသွားလိမ့်မယ်လို့လည်း ဘန်းစ်က ပြောပါတယ်။
ပရီဂေါ့ရှင်သာ နောက်ထပ် လက်စားချေခံရတာကနေ လွတ်မြောက်တယ်ဆိုရင် တော်တော် အံ့အားသင့်စရာ ကောင်းမယ်လို့လည်း စီအိုင်အေ ဒါရိုက်တာက ပြောပါတယ်။
Source - Reuters











