တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ကျေးရွာမှာ ဇူလိုင် ၁၅ နဲ့ ၁၆ ရက်နေ့တွေက အဖမ်းခံထားရတဲ့ ဒေသခံ ၉ ဦးအနက် ၇ ဦး ဇူလိုင် ၂၀ ရက်က ပြန်လွတ်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လွတ်လာသူတွေကတော့ ကံပေါက်ဈေး ကုန်စုံဆိုင်တခုမှ ဆိုင်ပိုင်ရှင်၊ အလုပ်သမား ၆ ဦးနဲ့ ဖောင်းတောကျေးရွာအုပ်စု ကောင်းမှုရွာသား ၁ ဦး စုစုပေါင်း ၇ ဦးဖြစ်ပါတယ်။
“စျေးထဲတွေ အကုန်ပြန်လွတ်ကြပါပြီ။ ကျောက်တိုင်အနားက ၂ ယောက်တော့ကျန်နေသေးတယ်” လို့ ကံပေါက်ရွာသားတဦးက ပြောပါတယ်။
ကံပေါက်စျေး ကုန်စုံဆိုင်က ဖမ်းခံရသူတွေကိုတော့ မောရဝတီရေတပ်မှာ ဇူလိုင် ၁၅ ရက်ကနေ ၂၀ ရက်အထိ ၅ ရက်ကြာ ဖမ်းဆီးစစ်ဆေးရာမှာ ရိုက်နှက်တာမျိုးမလုပ်ဘဲ ကောင်းမှုရွာသား လူငယ်ကိုတော့ ဇူလိုင် ၁၅ ရက်က လမ်းမှာ ရိုက်နှက်ဖမ်းဆီးပြီး ကံပေါက်နယ်မြေရဲစခန်းမှာ ၁ ရက် ချုပ်နှောင်ပြီး ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင် ၁၅ ရက် ကံပေါက်သစ်တောလမ်းဆုံမှာ မပေါက်ကွဲသေးတဲ့ မိုင်း ၂ လုံးတွေ့ပြီးတဲ့နောက်မှာ ဒေသခံ ၉ ဦး နှစ်ရက်ဆက်တိုက် အဖမ်းခံရပြီး ၇ ဦးပြန်လွတ်လာတာပါ။
ဇူလိုင် ၁၆ ရက်က အဖမ်းခံထားရတဲ့ ကံပေါက်ကျောက်တိုင်အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မအေးမြတ်သူနဲ့ ညီအစ်မဖြစ်သူ မသဇင်လွင်ကတော့ မောရဝတီရေတပ်မှာ ဖမ်းဆီးစစ်ဆေးခံနေရဆဲ ဖြစ်ပါတယ်။
ကံပေါက်ဒေသမှာ အမှတ်၂၇၃ ခြေလျင်တပ်ရင်းနဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် အခြေစိုက်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုဖြစ်စဥ်များဖြစ်တိုင်း ရပ်မိရပ်ဖ၊ လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးဆက်စပ်မှုရှိသူတွေကို မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။