
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရပ်ရှ်ထရာပြည်နယ်မှာ ဇူလိုင် ၂၀ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၁၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတာကြောင့် လူ ၁၀၀ နီးပါး ပိတ်မိနေဆဲ အခြေအနေကို စိုးရိမ်နေရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မွမ်ဘိုင်းမြို့ကနေ ၃၇ မိုင်လောက်အကွာက မဟာရပ်ရှ်ထရာပြည်နယ်ရှိ ဝေးလံခေါင်သီတဲ့ အီရ်ဟာလ်ဝဒီ တောင်ပေါ်ရွာငယ်မှာ ညဉ့်သန်းခေါင်ယံအချိန်က မြေကြီးတွေ ပြိုကျပြီး နေအိမ်အများအပြား ပြိုကျပိပြားသွားကာ နေထိုင်သူအများအပြား ပိတ်မိနေတာပါ။
ကြာသပတေးနေ့လယ်ပိုင်းအထိ ရုပ်အလောင်း ၁၀ လောင်း ဆယ်ယူရရှိထားပြီး လူ ၈၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့တာပါ။
ကယ်ဆယ်ရေးသမားတွေဟာ ညမရောက်ခင်မှာပဲ ရုပ်အလောင်း ၁၆ လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေက ရှာဖွေမှုကို ဆိုင်းငံ့ထားဖို့ သူတို့ကို အကြံပြုခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) ညွှန်ကြားရေးမှူးချုပ် အာတူလ် ကာဝယ်လ်က ရိုက်တာကို ပြောပါတယ်။
အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ အလျင်စလို ဖြစ်နေချိန်မှာ ကယ်ဆယ်ရေးသမားတွေဟာ ဆိုးရွားတဲ့ရာသီဥတုနဲ့ ခက်ခဲတဲ့ မြေပြင်အနေအထားကို ရင်ဆိုင်နေရတာပါ။
ကယ်ဆယ်ရေးသမားတွေဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြူတွေ ထူထူထပ်ထပ် ကျနေတဲ့ကြားထဲမှာ တောင်ကုန်းစောင်းမှာ ပြိုကျလာတဲ့ ကျောက်တုံးကြီးတွေကို ရှောင်ရင်းတိမ်းရင်း ရှာဖွေရေးကို ၁၂ နာရီကျော်ကြာ လုပ်ဆောင်ခဲ့ကြကြောင်း ရိုက်တာ မျက်မြင်သက်သေတဦးနဲ့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီရွာကလေးမှာ အနည်းဆုံး လူ ၂၂၅ ဦး နေထိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြည်နယ်ရဲ့ လက်ထောက်ဝန်ကြီးချုပ် ဒါဗင်ဒြာ ဖှဲ့ဒ်နာဗစ်က ပြည်နယ်လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
Source - Reuters











