DVB Logo
Home
အာဇာနည်နေ့
အာဇာနည်ဗိမာန် - သခင်ကိုယ်တော်မှိုင်း
DVB
·
July 15, 2014
အာဇာနည်ဗိမာန် - သခင်ကိုယ်တော်မှိုင်း
Donate to DVB

သြော်… အဆောင်ဆောင် နန်းတွေ၊ ကြငှန်းတွေနှင့် နော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်း ချို့စေဘို့၊ အောင်ပန်ညို့ရရှာတဲ့၊ တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနဲ့၊ အောင်ဆန်းတို့ မသာမယာဟာ သူတို့ ကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။

သြော်…. တပည့်အရင်းတွေမို့၊ က၀ိမတင်းနိုင်ဘုကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီး လက်ဆည်လို့ မရနိုင်ဘု၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေ့ပေါ့၊ ရန်အဖြစ် မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူ ရမ်းနေကြ၊ ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊ လူကြမ်းပြေတွေ၊ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊ ရွှေမြန်မာဘုံမှာ အမင်းမင်း သမ္မတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုတ်ကယ်က၊ ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်၊ ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီး ပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲ့မှာတော့၊ မင်းရဲရန္တမိတ်ခမျာမှာ ညီသနင်းပေပါ့၊ ပြည်မင်း ဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင်လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန်းလျှမ်းပေတဲ့၊ သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ်အကောင် တေလေတစေး ကိုက်တာနဲ့၊ သြော်…. ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပေါ့၊ အခိုက်အခါ တူလို့မို့၊ ဆရာတမူ မကြာမကြာ လွမ်းရပါတဲ့၊ ဘမရာအဆူဆူ ကြာကြငှန်းတွေနဲ့၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့် ငါတလူ ငါသရမ်းရော့မဟဲ့လို့၊ သာခန်း ပလင် ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နဲ့၊ ပမာသော် တူတယ်လို့ နှိုင်းမိတယ်၊ ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေ့နဲ့၊ မှိုင်းရဲ့ စိတ်ထင်။

နန်းမြို့တည်ရန်၊ မှန်းလို့ ရည်ကာသန်တဲ့၊ ညီလာခံဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူခပဲကို မကြည်ညိုတဲ့၊ ၀တီအလို တဖြေးဖြေး ရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး ခွေးဘီးလူးလို အကောင်မိုက်တွေက၊ သြော်… အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊ ဗြောင်ကိုက်သဟာမှာ ယာယီ ယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည့် နေရီတော့လွမ်းစေဘို့၊ မြန်မာပြည်ပေါ်ကို ဓမ္မစည်တော် ရွှန်းချိန်မိုး၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုသာန် တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာ့တည်မည့်၊ အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊ ပါရမီ အဓိဌာန်းတမျိုးရယ်နှင့်၊ ရှိခိုးကာ ဆရာကန့်တော်ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက၊ ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ သြော်…. တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့၊ အခေါင် မမြန်းရင်ခင်က အောင်ပန်းညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံ နှမြော။

သခင်ကိုယ်တော်မှိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013