DVB Logo
Home
မြန်မာသတင်း
ရွှေကူ၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ နမ္မတီး ထမင်းဆိုင်ပိုင်ရှင်တဦး ပစ်ခတ်ခံရ
DVB
·
July 21, 2023
ရွှေကူ၌ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ နမ္မတီး ထမင်းဆိုင်ပိုင်ရှင်တဦး ပစ်ခတ်ခံရ
Donate to DVB

ကချင်ပြည်နယ် ရွှေကူမြို့မှာ ဇူလိုင် ၂၀ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောပုန်းကျေးရွာကနေ ရွှေကူမြို့ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ ခလရ ၁၀ က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"မနက် ၉ နာရီလောက်က ရွှေကူမြို့ပေါ်ကို တက်မယ့်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ။ စစ်ကြောင်းက တောပုန်းကျေးရွာကနေ ရွှေကူကို တက်လာတာ။ မြောက်ရွာနား မှာ PDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ စစ်တပ်က အင်အား ၁၀၀ လောက်ရှိတယ်။ ထိခိုက်သေဆုံးတော့ ရှိနိုင်တယ်။ ဘယ်လောက် ထိခိုက်လဲ ဆိုတာတော့ သေချာမသိရဘူး" လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရွှေကူဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဇူလိုင်လအတွင်း ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပြီး ဇူလိုင် ၁၈ ရက်နေ့ကလည်း ရွှေကူမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထွေအုပ် ဝန်ထမ်းနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၁၁ ရက်ကလည်း ရွှေကူမြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦး သေဆုံးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ မိသားစုတွေဟာ ဝန်ထမ်းလိုင်းခန်းမှာ မနေရဲတော့ပဲ စစ်တပ်ဝန်းထဲ ပြောင်းရွှေ့နေထိုင်နေကြပါတယ်။

ကချင်ပြည်နယ် နမ္မတီးမြို့မှာလည်း ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းက ထမင်းဆိုင် ပိုင်ရှင်အမျိုးသားတဦးကို  အမည်မသိသေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဂိတ်ထိုင်ပြီး မော်တော်ယာဉ်တွေဆီက ငွေကြေးကောက်ခံတဲ့ မြို့အဝင် ရှုခင်းသာ ကျောက်တောင်အနီးက ထမင်းဆိုင်ပိုင်ရှင်အမျိုးသားကို  အမည်မသိ လူ ၄ ဦးက သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဒေသခံတဦးက "နေ့လယ် ၂ ချက် ထိုးလောက်က သေနတ်နဲ့ အပစ်ခံရတာ။ အဲ့ဒီ ထမင်းဆိုင်မှာက စစ်တပ်ကော၊ ရဲကော၊ မော်တော်ပီကယ်ကော၊ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့) ကောက မော်တော်ကားတွေဆီက ဆပ်ကြေး လာကောက်နေတဲ့နေရာ။  သေနတ်နဲ့ ပစ်ခတ်ခံရတဲ့သူက ရံဖန် ရံခါ ဆပ်ကြေး ကောက်ပေးရတယ်။ ပစ်သွားတာကတော့ အဲဒီဆိုင်မှာ ဆိုင်ထိုင်နေတဲ့ လူ ၄ ဦးက ပစ်သွားတာ" လို့ ပြောပါတယ်။

ထမင်းဆိုင်ပိုင်ရှင် အောင်လင်းဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဘက်ဖက်ပုခုံးနဲ့ လည်ပင်းကြား ကျည်ဆန် တချက်ထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

မေ ၁၇ ရက်ကလည်း နမ္မတီးရှုခင်းသာ ကျောက်တောင်အနီး အအေးထိုင်သောက်နေတဲ့ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) မှ ဗိုလ် သန်းထွန်းဝင်းဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာ ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013