
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင်သစ်အဖြစ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။
အသင်းခေါင်းဆောင် မက်ဂွဲယားကို တာဝန်ကနေရုပ်သိမ်းခဲ့ပြီးနောက် ဖာနန်ဒက်စ်ကို အမြဲတမ်း အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ပေါ်တူဂီကွင်းလယ် ကစားသမားဟာ မနှစ်က ရာသီကတည်းက ပွဲစဉ်အများစုကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။
အခုအခါမှာတော့ အသင်းခေါင်းဆောင်သစ်အဖြစ် အမြဲတမ်းတာဝန်ယူသွားမှာဖြစ်ကြောင်း မန်ယူ အသင်းရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ကတ်စမီရို၊ မာတီနက်ဇ်၊ အဲရစ်ဆင်နဲ့ ရာဖေးဗာရန်းတို့ဟာ လည်း အသင်းခေါင်းဆောင်သစ် လျာထားစာရင်းမှာပါဝင်ခဲ့ပေမဲ့ ဖာနန်ဒက်စ်ကိုပဲ ခန့်အပ်ခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်က စပို့တင်းကနေ ပေါင် ၆၇ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့လာသူဖာနန်ဒက်စ်ဟာ အသင်းအတွက် စုစုပေါင်း ၁၈၅ ပွဲမှာ ၆၄ ဂိုးသွင်းပြီး ၅၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။










