
စစ်ရေးတင်းမာနေတာကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတဲ့ တနင်္သာရီမြို့နယ်ထဲက ထုံခါ-မောတောင် ကားလမ်းမကြီးကို ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကော်သူးလေတပ်မတော် (KTLA) က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကစပြီး ထုံခါ-မောတောင် ကားလမ်းမပေါ်ရှိ သိန်ခွန်းအုပ်စု ချောင်းနှစ်ပေါက်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အဆိုပါလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် မပြုဖို့ ပိတ်ပင်ခဲ့ပြီးနောက် ဇူလိုင် ၂ဝ ရက်နေ့မှာ ပြန်လည်ဖြတ်သန်းခွင့် ပြုလိုက်တာလို့ သိရပါတယ်။
ရေထွက်ပစ္စည်း တင်ပို့နေသူတဦးက “ကားလမ်းတော့ ပြန်ဖွင့်လိုက်ပြီ။ အခု ရေထွက်ပစ္စည်းပို့တဲ့ ကုန်ကားတွေလည်း မောတောင်ဘက် ပြန်ပြေးဆွဲနေတယ်” လို့ ပြောပါတယ်။
အဲဒီကားလမ်းမကို ဖြတ်သန်းခွင့် ပိတ်လိုက်တာကြောင့် ထိုင်းနိုင်ငံဘက် ပစ္စည်းတင်ပို့တဲ့ ကုန်တင်ကားတချို့မှာ ကော့သောင်းဘက်ကိုသာ တင်ပို့ခဲ့ရတာကြောင့် ခရီးစရိတ် ပိုကုန်ကျခဲ့တယ်လို့ သိရပြီး လက်ရှိမှာတော့ မောတောင်မြို့ဘက်ကိုသာ ကုန်တင်ကားတွေ ပြန်လည်ပြေးဆွဲနေပြီလို့ ပြောပါတယ်။
အရင်ကလည်း နယ်စပ်ကုန်သွယ်လမ်းကြောင်းဖြစ်တဲ့ ထုံခါ-မောတောင် ကားလမ်းတလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေကြောင့် မကြာခန ဖြတ်သန်းခွင့်ပိတ်ခဲ့တယ်လို့ သိရပါတယ်။











