DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး တရုတ်တွင်တာဝန်ရှိဟု ဗြိတိန် ထောက်လှမ်းရေးဌာန MI6 အကြီးအကဲပြော
DVB
·
July 20, 2023
မြန်မာ့အရေး တရုတ်တွင်တာဝန်ရှိဟု ဗြိတိန် ထောက်လှမ်းရေးဌာန MI6 အကြီးအကဲပြော
Donate to DVB

တရုတ်နိုင်ငံဟာ မြန်မာစစ်အုပ်စုကို ရှေ့ဆုံးက ထောက်ခံသူ ဖြစ်တာကြောင့် ကြေကွဲစရာကောင်းတဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ တာဝန်ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေး ထောက်လှမ်းရေးဌာန MI6 ရဲ့ အကြီးအကဲ ရစ်ချတ် မိုးရ်က ပြောလိုက်ပါတယ်။

ချက်နိုင်ငံမြို့တော် ပရက်ဂ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ဗြိတိန်အခြေစိုက် စကိုင်းနယူးစ်သတင်းဌာနက “တရုတ်က (မြန်မာ)စစ်အုပ်စုကို ထောက်ခံနေတာကို စိုးရိမ်နေတာလား” ဆိုတဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားလိုက်တာဖြစ်ပြီး “ဒီအံ့သြစရာကောင်းတဲ့ တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မြင်ရတာ တုန်လှုပ်စရာပါပဲ” လို့ သူက ပြောပါတယ်။

MI6 ရဲ့ အကြီးအကဲ ရစ်ချတ် မိုးရ်ဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လည်ပတ်ခဲ့ဖူးပြီး ခုလတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေအပေါ်မှာတော့ “တကယ့် တကယ်ကို ကြေကွဲဖွယ်” လို့ ပြောပါတယ်။

“သူတို့က ဒီအစိုးရကို ထိပ်တန်းက ထောက်ခံသူဖြစ်လို့ တရုတ်မှာ တာဝန်ရှိပါတယ်။ ဒီထောက်ပံ့မှုတွေသာ မရရှိခဲ့ရင် (မြန်မာစစ်အုပ်စုဟာ) လက်ရှိလုပ်နေတဲ့ ပုံစံအတိုင်း လည်ပတ်နိုင်မယ်ဆိုတာ မြင်ရဖို့ ခက်ပါတယ်။”

ပြီးခဲ့တဲ့ မေလတုန်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ဂန်းဟာ နေပြည်တော်ကို ရောက်ရှိလာပြီး အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံက အင်အားကြီး အိမ်နီးချင်းနိုင်ငံဆီက ရရှိနေတဲ့ နောက်ထပ်ထင်ရှားတာတခုကတော့ မြန်မာနိုင်ငံ မန္တလေးတိုင်းအထိ ဆက်သွယ်ထားတဲ့ ရထားလမ်းသစ်တခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စကိုင်းနယူးစ် သတင်းဌာနရဲ့ သတင်းထောက်ချုပ် စတူးဝပ် ရမ်ဆေးနဲ့ အဖွဲ့သားတွေဟာ မြန်မာပြည်တွင်းကို ဝင်ရောက်ခဲ့ကြပြီးတော့ စစ်ဘေးအနိဋ္ဌာရုံဖြစ်ရပ်မှန်တွေကို မျက်မြင်တွေ့ခဲ့ရပြီးဖြစ်ကာ သူတို့ဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာနဲ့ မနီးမဝေးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ဆေးတပ်ဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့အတူ တောထဲမှာ တလကြာ ပုန်းအောင်းနေခဲ့ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ တိုက်ပွဲတွေကြောင့် အနည်းဆုံး လူ ၁ ဒသမ ၇ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက သတင်းထောက် အနည်းငယ်သာ ရောက်ရှိလာတယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်ပွဲဒဏ်ကြောင့် မီးလောင်ပျက်စီးသွားတဲ့ မြန်မာစစ်တပ် ကုန်တင်ကားကြီးတွေ၊ ပြည်သူလူထု နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ ဆေးရုံတွေအားလုံး ပျက်စီးသွားခဲ့တဲ့အပြင် အန္တရာယ်များလှတဲ့ အဆိုပါ နေရာတွေကနေ ထွက်ခွာသွားခဲ့ကြတဲ့ လူထူအဖွဲ့အစည်းတွေကိုလည်း မှတ်တမ်းတင် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တချို့ကတော့ ယာယီကျေးရွာတွေ ဆောက်လုပ်နေထိုင်ကြပြီး အဲဒီထဲက တယောက်ကတော့ “ကျနော်တို့ကို ဘာကြောင့် တိုက်ခိုက်ကြမှန်း မသိပေမယ့် ဒီလိုမျိုး တခါမှ မကြုံဖူးပါဘူး။” လို့ ပြောပါတယ်။

Photo-SkyNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013