DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါး ပြည်သူနေအိမ် ၂၀ ကျော် စစ်တပ်က မီးရှို့၊ သိမ်ဇရပ် ဒေသခံ ၁ ဦးကို သတ်ဖြတ်
DVB
·
July 20, 2023
Donate to DVB

ပဲခူးတိုင်း ကျောက်တံခါးမြို့ အရှေ့ဘက် နံဇကျေးရွာကို ဇူလိုင် ၂၀ ရက် ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄၊ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇၊ ဖြူးအခြေစိုက် ခမရ ၃၀၈ စစ်ကောင်စီတပ်တွေက အင်အား ၁၅၀ လောက်နဲ့ စီးနင်းဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကျောက်ကြီးဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“နံဇကျေးရွာ အပြစ်မဲ့ အရပ်သားပြည်သူတွေဆီက ငွေကျပ် ၃၈ သိန်းနဲ့ ဖုန်း ၁၁ လုံးကို လုယူပြီး PDF တွေ ခိုအောင်းနေတယ်ဆိုကာ ပြည်သူလူထုနေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်” လို့ ကျောက်ကြီး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးရေးအတွက် အင်အားတိုးချဲ့တာတွေ၊ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံတာတွေ၊ နေအိမ်မီးရှို့တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ တစိုက်မတ်မတ် နေ့စဥ် နေ့ရောညပါ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်း ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာပေါင်း ၃၇ ရွာက ပြည်သူ ၄,၅၇၂ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောက်ကျေးရွာမှာ နေထိုင်တဲ့ အရပ်သားတဦးကိုလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁၈ ရက် နေ့လယ်ပိုင်းက ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ကို စျေးဝယ်လာတဲ့ အမျိုးသားဟာ စျေးဝယ်ပြီးအပြန် သိမ်ဇရပ်ကားဂိတ်အနီးမှာ သိမ်ဇရပ် အမတ-၃၁၀ က စစ်သားတယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ပွတ်တိုက်မိပြီး စစ်သားရဲ့ဆိုင်ကယ် တိမ်းမှောက်ပြီး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲဒီအမျိုးသားက စစ်သားကို ထူပေးနေစဉ် ခဏအကြာ စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အဲဒီအမျိုးသားကို အမတ-၃၁၀ ဝင်းထဲ ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာတော့ အဲဒီအမျိုးသားရဲ့ မိသားစုကို အမတ-၃၁၀ ဝင်းထဲမှာ အလောင်းလာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တာပါ။

သေဆုံးသွားတဲ့ အမျိုးသားဟာ ကျိုက်ထိုမြို့နယ် ချောင်းစောက်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုချစ်လေး ဖြစ်ပါတယ်။

“သေသွားတဲ့သူက ချောင်းစောက်မှာ စျေးဆိုင်ဖွင့်ပြီး စျေးရောင်းစားနေတဲ့ သာမန်ပြည်သူပါ” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ မောင်ချစ်လေးဟာ ခန္ဓာကိုယ်ခေါင်းပိုင်း ညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ လည်ပင်းကုတ်ပိုး ညိုမဲစွဲဒဏ်ရာ၊ ဦးခေါင်းပျော့စိဒဏ်ရာတို့ ရရှိခဲ့ပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံက ဇူလိုင် ၁၈ ရက်မှာ သေဆုံးတယ် ဆိုတဲ့အကြောင်း လက်မှတ်ထုတ်ပေးခဲ့ပါတယ်။

အလောင်းကို မိသားစုဝင်တွေက ငွေ ၂ သိန်းနဲ့ ရွေးယူခဲ့ရပြီး ဆိုင်ကယ်နဲ့ ဈေးပစ္စည်းတွေကို ပြန်မပေးဘဲ သိမ်းယူထားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013