DVB Logo
Home
နိုင်ငံတကာ
တာလီဘန်အုပ်ချုပ်မှုအောက်တွင် အာဖဂန်အမျိုးသမီးများ အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
July 20, 2023
တာလီဘန်အုပ်ချုပ်မှုအောက်တွင် အာဖဂန်အမျိုးသမီးများ အခွင့်အရေး ချိုးဖောက်ခံနေရ
1 / 2
Donate to DVB

အမျိုးသမီးတွေကို ပညာသင်ခွင့် ပိတ်ပင်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီး အလှပြင်ဆိုင်တွေကိုပါ ပိတ်ပစ်ဖို့ တာလီဘန်အစိုးရက အမိန့်ပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်အစိုးရဟာ အလှပြင်ဆိုင်တွေကို တလအတွင်း ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ အကျင့်စာရိတ္တဝန်ကြီးဌာနက ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပြီး အာဖဂန်အမျိုးသမီးတွေအတွက် အများပြည်သူနေရာတွေမှာ သွားလာခွင့်ကို လျှော့ချလိုက်တဲ့ နောက်ဆုံးကန့်သတ်ချက်တခု ဖြစ်ပါတယ်။

ကဘူးလ်မြို့ခံ မိုဟာမက်နအီးဆီဒီကီက “အစ္စလာမ်တိုင်းပြည်ဖြစ်တဲ့ အာဖဂန်နစ္စတန်မှာ စားစရာမရှိတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတယ် ဆိုတာကို နားလည် သဘောပေါက်ရပါမယ်။ သူတို့က ဆင်းရဲနွမ်းပါးပြီး ပြုစုစောင့်ရှောက်ပေးမယ့်သူလည်း မရှိကြဘူး။ သူတို့ကိုယ်တိုင် အလုပ်လုပ်ရမှာဖြစ်ပြီး တချို့သူတွေရဲ့ တခုတည်းသော ဝင်ငွေရလမ်းဖြစ်တဲ့ အလှပြင်ဆိုင်တွေ ရှိပါတယ်။ ကျနော့်အမြင်အရတော့ ဒီအလှပြင်ဆိုင်တွေကို မပိတ်သင့်ပါဘူး” လို့ ပြောပါတယ်။

အမျိုးသမီးအလှပြင်ဆိုင်တွေ ပိတ်ဖို့ကို တလအချိန်ပေးထားတယ်လို့ ဒုစရိုက်တားဆီးရေးနဲ့ အကျင့်သီလကောင်း ပြန့်ပွားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဆဒစ်အကစ်ဖ်က ဆိုပါတယ်။

အာဏာပိုင်တွေဟာ မနှစ်ကကတည်းက အမျိုးသမီး အထက်တန်းကျောင်း အများစုကို ပိတ်ပစ်ခဲ့ပြီး အမျိုးသမီးတွေ တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ကိုလည်း တားဆီးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ အာဖဂန်အမျိုးသမီး ဝန်ထမ်းတွေကိုလည်း အလုပ်ရပ်ဆိုင်းခဲ့ပါတယ်။ ရေကူးကန်၊ အားကစားရုံနဲ့ အပန်းဖြေဉယျာဉ်လို အများပြည်သူနေရာတွေမှာ အမျိုးသမီးတွေ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက် အမေရိကန်ပြည်ထောင်စု တိုက်ခိုက်ခံရအပြီး ရက်သတ္တပတ်အတန်ကြာတဲ့ ၂၀၀၁ ခုနှစ်နှောင်းပိုင်း တာလီဘန်တွေ အာဏာလက်လွှတ်ခဲ့ရပြီးချိန်မှာ ကဘူးလ်နဲ့ တခြားမြို့တွေမှာ အလှပြင်ဆိုင်တွေ အစီအရီ ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် တာလီဘန်အစိုးရ အာဏာပြန်ရလာတဲ့ ၂ နှစ်အတွင်းမှာ အလှပြင်ဆိုင်အများစု ဆက်ဖွင့်ထားပြီး အမျိုးသမီးတွေ အလုပ်အကိုင်ရရှိမှုနဲ့ ဆိုင်ကိုလာတဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးခဲ့ကြပါတယ်။ အလှပြင်ဆိုင်တွေက အမျိုးသမီးသီးသန့်ဖြစ်ပြီး အပြင်ကနေ မမြင်နိုင်အောင် ပြတင်းပေါက်တွေကို အကာအရံနဲ့ ဖုံးအုပ်ထားပါတယ်။

ကဘူးလ်မြို့ခံ နောက်တဦးဖြစ်တဲ့ ရှားဝါလူလာက “ကျနော့်အမြင်အရတော့ အလှပြင်ဆိုင်တွေ ပိတ်တာက ကောင်းတဲ့အကြံတခုလို့ ထင်ရပေမဲ့ ကျောင်းတွေပိတ်တာနဲ့ ပတ်သက်ပြီးတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။ အလှပြင်ဆိုင်တွေပိတ်တော့ ပျော်ပေမဲ့ ကျောင်းတွေရဲ့ ပညာသင်ကြားရေးတွေကိုတော့ မဖြစ်မနေ ပြန်စရမှာပါ” လို့ ပြောပါတယ်။

အနောက်နိုင်ငံအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အမျိုးသမီးတွေအပေါ် ခုလို ကန့်သတ်ချုပ်ချယ်မှုတွေ လုပ်တာဟာ တာလီဘန်အုပ်ချုပ်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရနိုင်တဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်နေတယ်လို့ အချက်ပြ ပြောဆိုကြပါတယ်။

အစ္စလာမ်ဥပဒေနဲ့ အာဖဂန်ဓလေ့ထုံးတမ်းတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အမျိုးသမီး အခွင့်အရေးတွေကို လေးစားတယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013