DVB Logo
Home
နိုင်ငံတကာ
MFP ဥက္ကဋ္ဌဖိထား လွှတ်တော်အမတ်အဖြစ် ယာယီရပ်စဲခံရပြီး လွှတ်တော်ရှေ့ဆန္ဒပြမှု အရှိန်မြင့်
DVB
·
July 19, 2023
MFP ဥက္ကဋ္ဌဖိထား လွှတ်တော်အမတ်အဖြစ် ယာယီရပ်စဲခံရပြီး လွှတ်တော်ရှေ့ဆန္ဒပြမှု အရှိန်မြင့်
Donate to DVB

လိမ္မော်ရောင်ပါတီ MFP ဥက္ကဋ္ဌ ထိမ်းဖိထား လိုမ့်ကျရွန်းရတ်ကို ထိုင်းအခြေခံဥပဒေ တရားရုံးက လွှတ်တော်အမတ်တာဝန်မှ ယာယီရပ်စဲကြောင်း ကြေညာလိုက်ပြီးနောက် လွှတ်တော်ရှေ့မှာ သူ့ကို လာရောက်အားပေးဝန်းရံသူတွေဟာ ဆန္ဒပြပွဲအဖြစ် ရုတ်ခြည်း အသွင်ပြောင်းသွားပြီး တချို့က ငိုကြွေးကာ တချို့က မကျေမနပ် အော်ဟစ်သံတွေ ဆူညံသွားပါတယ်။

အင်အား ၂၀၀ ကျော်လောက်ရှိမယ့် ဆန္ဒပြသူတွေဟာ လက် ၃ ချောင်းထောင်ပြီး  “အထက်လွှတ်တော်အမတ်တွေဟာ ပြည်သူ့မျှော်လင့်ချက်တွေ ဖျက်ဆီးနေတယ်”၊ “အထက်လွှတ်တော်အမတ်တွေ ပြည်သူ့မျှော်လင့်ချက် မဖျက်ဆီးနဲ့”၊ “ဖိထားကို ဝန်ကြီးချုပ်အဖြစ် ပြန်ရွေးခွင့်ပြုပါ”၊ “ရွေးကောက်ပွဲကော်မရှင် မတရားဘူး”၊ “ပြည်သူ့အမှိုက် အထက်လွှတ်တော်အမတ်”၊ “ဒီမိုကရေစီပြန်ပေးပါ” စသဖြင့် အော်ဟစ်နေသလို တချို့က ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ရှေ့ကိုတိုးလာပါတယ်။

ဆန္ဒပြသူတွေဟာ လွှတ်တော်အုတ်တံတိုင်းပတ်လည် ၅၀ မီတာ အကွာမှာသာ နေရမယ်လို့  လုံခြုံရေးတပ်ဖွဲ့က သတိပေးဆိုင်းဘုတ်တွေ ကပ်ထားပေမဲ့ လွှတ်တော်တံခါးပေါက်ရှေ့ထိ ရောက်လာပြီး လိမ္မော်ရောင်နဲ့ အနီရောင် မီးခိုးငွေ့တွေထုတ်တဲ့ မီးရှူးတိုင်တွေ ဖောက်လွှတ်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နောက်ပြန်ဆုတ်ဖို့ လော်စပီကာတွေနဲ့ အော်ဟစ် သတိပေးနေပေမဲ့ တံခ့ါးပေါက်ဝကနေ မခွာကြလို့ တခနအကြာ MFP ပါတီကနေ ဒုလွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားတဲ့ နိုင်းပတိဖတ်က MFP ပါတီ လွှတ်တော်ကိုယ်စားလှယ်နဲ့အတူ ရောက်လာပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်မှာ မလိုလားကြောင်း၊ ဒီနေရာဟာ ကန့်သတ်နေရာဖြစ်လို့ စည်းကမ်းဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ သီးသန့်စီစဉ်ပေးထားတဲ့ အစိုးရရုံးရှေ့မှာ သွားရောက်စုဝေးပြီး စိတ်ကြိုက်တောင်းဆိုဆန္ဒပြမှု ပြုနိုင်ကြောင်း မေတ္တရပ်ခံခဲ့ပါတယ်။

ဆန္ဒပြသူတွေကလည်း လွှတ်တော်ဥက္ကဋ္ဌပြောတာ လိုက်နာမယ်၊ ဖိထားကို ဝန်ကြီးချုပ်အဖြစ် ထပ်မံရွေးခွင့်ရအောင် လုပ်ပေးပါ၊ ဖိထားနဲ့ တွေ့ချင်တယ်လို့ ပြောပါတယ်။

နိုင်းပတိဖတ်ကလည်း အစည်းအဝေးလုပ်နေတယ်၊ ပြီးရင် ပြောပေးပါ့မယ်။ စည်းကမ်းလိုက်နာသူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုပြီး လွှတ်တော်ပတ်ဝန်းကျင် တဝိုက် လှည့်လည်စစ်ဆေးကာ အထဲပြန်ဝင်သွားပါတယ်။

ဆန္ဒပြသူတွေဟာလည်း အဲဒီနေရာကနေ ဆုတ်ခွာပြီး အစိုးရရုံးရှေ့မှာ ဆက်လက် ဆန္ဒပြနေကြပါတယ်။ အလားတူ ဘန်ကောက်မြို့လယ် ဒီမိုကရေစီကျောက်တိုင်ရှေ့မှာလည်း နောက်ထပ် အဖွဲ့တွေက ဆန္ဒပြနေကြပါတယ်။

PHOTO-KHAOSOD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013