
ယူကရိန်းက ခရိုင်းမီးယားတံတားကို တိုက်ခိုက်မှုအပြီး နောက်တရက်အကြာမှာ ယူကရိန်း ဆိပ်ကမ်းမြို့နှစ်ခုက စစ်ရေးပစ်မှတ်တွေကို အစုလိုက် အပြုံလိုက် တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။
ယူကရိန်းရေတပ် စခန်းချရာ ဩဒက်ဆာမြို့နဲ့ ယူကရိန်း ပင်လယ်နက်ကမ်းရိုးတန်းမှာရှိတဲ့ မိုင်ကိုလိုက်ဗ်မြို့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ ဩဒက်ဆာမြို့နားက သင်္ဘောပြုပြင်ရေးစက်ရုံကို တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“မိုင်ကိုလိုက်ဗ်နဲ့ ဩဒက်ဆာမြို့တွေနားက ယူကရိန်းစစ်တပ်ရဲ့ စက်ပစ္စည်းကိရိယာတွေကို ထောက်ပံ့ပေးဖို့ အသုံးပြုတဲ့ လောင်စာဆီ တန်ချိန် ၇၀,၀၀၀ လောက်ရှိတဲ့ သိုလှောင်ရုံတွေကို ဖျက်ဆီးခံခဲ့ရပါတယ်” လို့လည်း ကြေညာချက်ထဲမှာ ပြောပါတယ်။
မီးလောင်မှုနဲ့ ဖောက်ခွဲမှုတွေကို သက်သေအဖြစ် ကိုးကားပြီး ပစ်မှတ်အားလုံးကို ထိမှန်ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်တွေကို သီးခြား အတည်မပြုနိုင်ပါဘူး။
ယူကရိန်းလေတပ်က ကာလီဘာ ခရုဇ်ဒုံးကျည် ၆ စင်းနဲ့ ဒရုန်း ၃၆ စင်းအနက် ၃၁ စင်း ပစ်ချခံခဲ့ရပြီး အများစုမှာ တောင်ပိုင်းရှိ ကမ်းရိုးတန်း ဩဒက်ဆာနဲ့ မိုင်ကိုလိုက်ဗ် ဒေသတွေပေါ်မှာ ပစ်ချခံခဲ့ရတာလို့ အစောပိုင်းမှာ ပြောပါတယ်။
ဒန်ညက်စ်နဲ့ ခရက်စ်နီလီမန် နယ်မြေတွေမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ ရုရှားရဲ့ အမြောက်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေရဲ့ တည်နေရာကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က တနင်္လာနေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက ကူပြန့်စ်ခ်ဒေသအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၃၅ ဦးလောက်ကို ရုရှားတပ်ဖွဲ့တွေက ချေမှုန်းခဲ့ပြီး တောင်ပိုင်း ဒန်ညက်စ်နဲ့ ခါဆွန်ဒေသတို့က ယူကရိန်း တိုက်ခိုက်မှု အများအပြားကို ချေမှုန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဇာပိုရိုချေ၊ လူဟန့်စ်ခ်နဲ့ ဒန်ညက်စ်ခ် ဒေသတွေက ယူကရိန်း ခဲယမ်းမီးကျောက် လက်နက်တိုက်တွေကို တနင်္ဂနွေနေ့မှာ ချေမှုန်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူပြန့်စ်ခ်၊ ခရက်စ်နီလီမန်၊ ဘတ်ခ်မွတ်နဲ့ တခြားဒေသတွေမှာ ယူကရိန်းစစ်တပ်နဲ့ ရုရှားစစ်တပ်တို့ကြား တိုက်ပွဲပေါင်း ၂၉ ကြိမ် ဖြစ်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးအရာရှိချုပ်က တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းလေတပ်၊ ဒုံးကျည်တပ်တွေနဲ့ အမြောက်တပ်တွေဟာ ရုရှားရဲ့ အမြောက်တပ်နေရာတွေ၊ ရုရှားစစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်လက်နက်ပစ္စည်း ကိရိယာတွေ စုစည်းရာနေရာတွေ အပါအဝင် စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
Source - Reuters










