
ကချင်ပြည်နယ်၊ ရွှေကူမြို့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဟာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရဲစခန်းကနေ စစ်တပ်ဝန်းထဲကို ရွှေ့ပြောင်းနေထိုင်ကြကြောင်း သိရပါတယ်။
အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ ရွှေကူမြို့မ ရဲစခန်းကို ဒေသခံ PDF က ဇူလိုင် ၁၁ ရက်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေဟာ ညဘက်တွေမှာ ရဲလိုင်းခန်းမှာ မအိပ်ရဲကြတော့ဘဲ စစ်တပ်ဝန်းအတွင်း ပြောင်းရွှေ့အိပ်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “PDF က ဗုံးလာကြဲပြီးနောက်ပိုင်း ရဲတွေကော ရဲမိသားစုတွေကော လိုင်းခန်းထဲ မနေရဲကြတော့ဘူး။ မနက်ပိုင်းဆိုရင်တော့ ရဲစခန်းမှာ လုပ်စရာရှိတဲ့ကိစ္စ လာလုပ်ကြတယ်။ ညနေစောင်းပြီဆို အထုပ်လေးတွေဆွဲပြီး တပ်ထဲမှာ မိသားစုလိုက် သွားအိပ်ကြတယ်။ PDF ဒရုန်းနဲ့ ဗုံးကြဲမှာကို အတော်လန့်နေကြပြီ” လို့ ပြောပါတယ်။
ရွှေကူမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဟာ စစ်တပ်ဝန်းအတွင်းကို ညပိုင်းမှာ ရွှေ့ပြောင်းအိပ်စက်ကာ အချုပ်ကျနေသူတွေကိုတော့ ရဲစခန်းအချုပ်ထဲမှာ ထားခဲ့ပြီး စစ်တပ်က ညပိုင်း ကင်းတာဝန်ယူထားပါတယ်။
“ရဲဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အကုန်လုံးက စစ်တပ်ဝန်းထဲ ပြောင်းအိပ်ကြတယ်။ စခန်းထဲမှာ အချုပ်သားတွေပဲ ကျန်ခဲ့တယ်။ ညပိုင်းတော့ စစ်တပ်က စခန်းမှာ လာပြီး ကင်းစောင့်ပေးတယ်။ လက်နက်တွေလည်း အဆင်သင့် ဆင်ထားတာ တွေ့တယ်။ ရဲတွေကတော့ မနက်ရုံးချိန်ကျမှ စခန်းကိုလာတယ်။ ခုနောက်ပိုင်း ရဲတွေ ယူနီဖောင်းတောင် မဝတ်ကြတော့ဘူး” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက် ညနေပိုင်းက ရွှေကူဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရွှေကူမြို့မ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ရဲမေတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။











