
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဉာဏ်ရည်တုဆိုင်ရာ ပထမဆုံးအစည်းအဝေးကို ဇူလိုင် ၁၈ ရက်က ဆွေးနွေးခဲ့ပါတယ်။
တရုတ်က နည်းပညာဟာ ထွက်ပြေးသွားတဲ့မြင်း မဖြစ်သင့်ဘူးလို့ ပြောခဲ့ပြီး အမေရိကန်ကတော့ AI ဟာ လူတွေကို ပိတ်ပင်ဖိနှိပ်ဖို့ သုံးတာမျိုးကို တားမြစ်ဖို့ သတိပေးခဲ့ပါတယ်။
AI ဟာ လူ့ဘဝရဲ့ ကဏ္ဍအားလုံးကို အခြေခံကျကျ ပြောင်းလဲစေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ် ကလယ်ဗာလီက ပြောပါတယ်။
ဗြိတိန်ဟာ ကုလလုံခြုံရေးကောင်စီမှာ ဇူလိုင်လအတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်လို့ ကလယ်ဗာလီက အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
AI ဟာ နယ်နိမိတ်တွေကို မသိလို့ အသွင်ပြောင်း နည်းပညာတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပုံစံကို ပုံဖော်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ AI ဟာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ စီးပွားရေးကို မြှင့်တင်နိုင်တယ်လို့လည်း ကလယ်ဗာလီက ပြောပါတယ်။
ဒါပေမဲ့ နည်းပညာဟာ မဟုတ်မမှန်တဲ့ သတင်းတွေကို မီးလောင်ရာ လေပင့်စေပြီး လက်နက်တွေကို စူးစမ်းရှာဖွေရာမှာ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ လူတွေကိုပါ ကူညီနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၊ အဆင့်မြင့် AI စတင်တည်ထောင်သူ အမေရိကန်ကုမ္ပဏီ Anthropic ကို ပူးတွဲတည်ထောင်သူ ဂျက်ခ် ကလာ့ခ်၊ AI ကျင့်ဝတ်နဲ့ အုပ်ချုပ်မှုဆိုင်ရာ တရုတ်-ဗြိတိန် သုတေသနဌာန တွဲဖက်ဒါရိုက်တာ ပါမောက္ခ ကျန်းယီတို့က AI နဲ့ ပတ်သက်တာတွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
Source - Reuters











