DVB Logo
Home
မြန်မာသတင်း
၇၆ နှစ်မြောက်  အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်
DVB
·
July 19, 2023
၇၆ နှစ်မြောက်  အာဇာနည်နေ့ အထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်
Donate to DVB

ကနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှုတွေနဲ့ ဂုဏ်ပြုအခမ်းအနားတွေကို ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။ 

ရန်ကုန်မြို့မှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ ဝမ်းနည်းတဲ့အထိမ်းအမှတ်  ကားမောင်းသမားတွေက ကားဟွန်းရှည်တွေတီးခဲ့ကြပါတယ်။

အရေးပေါ်လူနာတင်ယာဥ်တွေကလည်း ဥသြသံရှည်ပေးပြီး လမ်းမထက်ရှိကားတွေကလည်း တပြိုင်တည်း ဟွန်းတီးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း အာဇာနည်နေ့မှာ ကားတွေ ဟွန်းတီးကြဖို့ ညွန်ကြားခဲ့ပေမယ့် အဲဒီညွှန်ကြားချက်ကြောင့်မဟုတ်ဘဲ နှစ်စဥ်လုပ်နေကျအတိုင်း ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်ဆောင်တာလို့ယာဥ်မောင်းတွေက ပြောပါတယ်။

ရန်ကုန်မြို့လယ် တရုတ်တန်းမှာတော့ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ၉ ဦးမက” စာသားပါ တပ်ဦးအလံကို ကိုင်ဆွဲပြီး အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့တယ်လို့ OCTOPUS ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ထံက သိရပါတယ်။

အာဇာနည်နေ့ မတိုင်ခင် ဇူလိုင် ၁၈ ရက် ညမှာပဲ စစ်ကောင်စီတပ်တွေရဲ့  ဖမ်းဆီးမှုတွေနဲ့ လုံခြုံရေး တင်းကျပ်ထားတဲ့ကြားမှာ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

OCTOPUS အဖွဲ့ ဥက္ကဋ္ဌက “နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် ဖြိုချရေးသာမက ခေတ်အဆက်ဆက် လွဲမှားနေခဲ့ကြတဲ့ အတွေးအခေါ် အဆိုးအဟောင်းတွေကို ဖြိုချရမယ့် အတွေးအခေါ် တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ကြွေးကြော် တောင်းဆိုနေတဲ့ တချိန်တည်းမှာ လူမျိုးစုအရေးကို မမေ့ကြဖို့ လိုအပ်ပါတယ်ခင်ဗျာ။ ယနေ့ကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးဟာ အရောင်အသွေးစုံပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးစု အာဇာနည်အပေါင်းကိုလည်း လေးစားဦးညွှတ်ကြဖို့ ရည်ရွယ်ရင်း ပြောက်ကျားညသပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုသပိတ်တိုက်ပွဲကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာ ကျောင်းသားလူငယ်များ အစည်းအရုံး (အကလ-မြေပြင်) အဖွဲ့၊ Labour Alliance အဖွဲ့ (CTUM)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့မှ မြေပြင်ကင်းထောက်ပံ့ပိုးမှုနဲ့ လူထုသပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ်-၆ တပ်ရင်းအနေနဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို  ဒီကနေ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ကလေးခရိုင် အမှတ်-၆ တပ်ရင်း၊ ပြန်ကြားရေးတာဝန်ခံ နိုင်ထက်အောင်က “အာဇာနည်နေ့ဆိုတာ တော်လှန်ရေးအတွက် အသက်ပေးသွားရတဲ့ သူရဲကောင်းတွေကြောင့် ဖြစ်လာရတယ်။ ဒီတော်လှန်ရေး ကာလမှာလည်း ကျနော်တို့တပ်ရင်းမှာ တော်လှန်ရေး အတွက် အသက်စွန့်သွားတဲ့ သူရဲကောင်းတွေ ရှိပါတယ်။ ဒီသူရဲကောင်းတွေ အားလုံးကို ကျနော်တို့တွေအနေနဲ့ အမှတ်ရနေတယ်၊ လေးစားနေတယ် ဆိုတာကို ပြသဖို့အတွက် လုပ်ဖြစ်တာပါဗျ။ ဖြည့်စွက်ချင်တာကတော့ ပြည်သူတွေကိုမှာကြားချင်ပါတယ်။ ပြည်သူတွေအားလုံး သွေးအေးမသွားကြပါနဲ့ ဒီတော်လှန်ရေးကာလမှာ အသက်ပေးသွားတဲ့ သူရဲကောင်းတွေကို သတိရနေပေးကြပါ။ လက်ရှိ တော်လှန် တိုက်ပွဲဝင် ရဲဘော်တွေကိုလည်း ကူညီထောက်ပံ့ပေးကြပါ။ အားလုံး လက်တွဲညီညီနဲ့ ပါဝင်မှသာ ဒီတော်လှန်ရေးက အောင်မြင်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးလေပြီးသော သူရဲကောင်းတွေ အပါအဝင် ကလေးခရိုင် အမှတ်-၆ တပ်ရင်းက တော်လှန်ရေးအတွက် အသက်ပေးသွားတဲ့ သူရဲကောင်းတွေ အားလုံးကို အလေးပြုအပ်ပါတယ်လို့လည်း ကလေးခရိုင်၊ အမှတ်-၆ တပ်ရင်းက ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် 5/ဆလကလူထု သပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်က  ပအဖ/ ပကဖ တွေနဲ့ ပူးပေါင်းကာ သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။

ဒါ့အပြင် အန်ယူဂျီအစိုးရရဲ့ ကြားကာလ ပညာရေးကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေပူးပေါင်းပြီး အာဇာနည်နေ့အထမ်းအမှတ် ဟောပြောတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကလည်း အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့မနက်ကျင်းပခဲ့သလို  အစိုးရရုံးတွေမှာ နိုင်ငံတော်အလံတွေ တိုင်ဝက်လွှင့်ထူခဲ့ကြပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စစ်ကောင်စီက နေပြည်တော်မှာ  နှစ်ရှည်ထောင်သွင်းအကျဉ်းချထားပြီး အာဇာနည်ကုန်းမှာ သွားရောက် ဂါရဝပြုခွင့် မပေးခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013