DVB Logo
Home
မြန်မာသတင်း
နမ့်ဖတ်ကာအနီးရှိ စစ်တပ်ယာယီစခန်းကို ကေအိုင်အေ သိမ်းပိုက်၊ လက်နက်ခဲယမ်းများရရှိ 
DVB
·
July 19, 2023
နမ့်ဖတ်ကာအနီးရှိ စစ်တပ်ယာယီစခန်းကို ကေအိုင်အေ သိမ်းပိုက်၊ လက်နက်ခဲယမ်းများရရှိ 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ နမ့်အွမ်ရွာကြား၊ ခိုမုန်းရွာ အရှေ့ဘက်က ကောင်ရာဘွမ်ဒေသရှိ စစ်ကောင်စီ ယာယီစခန်းတခုကို ဇူလိုင် ၁၈ ရက် ညနေပိုင်းမှာ ကေအိုင်အေတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းပစ္စည်း အများအပြား ရရှိခဲ့တယ်လို့ ကေအိုင်အေ  ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ညနေပိုင်း ၄ နာရီလောက်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ကောင်ရာဘွမ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီလောက်အကြာ  ညနေ ၆ နာရီဝန်းကျင်မှာ အကုန်သိမ်းနိုင်ခဲ့တာလို့ သူကပြောပါတယ်။

ကေအိုင်ရှေ့တန်းနဲ့ နီးစပ်သူတဦးက “မနေ့ညနေပိုင်းမှာ အကုန်သိမ်းနိုင်ခဲ့တယ်။ မှန်တယ်” လို့ ပြောပါတယ်။

နောက်ထပ် ကေအိုင်အေရှေ့တန်းနဲ့ နီးစပ်သူတဦးကလည်း အဲဒီ ကောင်ရာဘွမ် စစ်ကောင်စီ ယာယီတပ်စခန်းကို စစ်ကောင်စီဘက်က အခြေချစခန်းလုပ်ဖို့ ပြင်ဆင်လာတာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“မနေ့ညနေက သိမ်းလိုက်တာ။ အခု အဲဒီမှာ သွားတိုက်တဲ့လူတွေတောင် နောက်တန်းကိုပြန်လာပြီ။ အဲဒီစခန်းမှာတော့ မနေဘူး။ သူတို့ရထားတဲ့ လက်နက်ပစ္စည်းတွေပဲ ယူလာတာ။”

ကောင်ရာဘွမ် စစ်ကောင်စီစခန်းဟာ စစ်ကောင်စီကားတန်းတွေ သွားလာရင် လုံခြုံရေး ယူပေးတဲ့ အဖွဲ့တွေ ယာယီစခန်းချတဲ့နေရာ ဖြစ်ပြီး အဲဒီတပ်စခန်းမှာ ခါတိုင်း အင်အား ၈၀ လောက်ရှိတာဖြစ်ပေမဲ့ မနေ့က အင်အားဘယ်လောက်ရှိနေတာတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ကေအိုင်အေဘက်ကနေ စစ်ကောင်စီတပ် တက်လာမယ့်လမ်းဘက် ဗုံးသွားထောင်နေချိန် စစ်ကောင်စီက မြင်သွားလို့ ကေအိုင်အေဘက်က အရင်စပစ်ပြီး တိုက်ပွဲပြင်းထန်လာရာက နမ့်ဖတ်ကာ ခလ၇ ၁၂၃ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူလာတာလို့ ပြောပါတယ်။

ညနေ ၅ နာရီခွဲလောက်မှာလည်း KIA နဲ့ ပူးပေါင်းအဖွဲ့တွေက နမ့်ဖတ်ကာအခြေစိုက် ၁၂၃ တပ်ကို လာရောက်တိုက်ခိုက်တာလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးတွေက ရွာထဲမှာလည်း ကျရောက်ပေါက်ကွဲတာရှိပြီး ရွာထဲမှာလည်း နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ကာ နှစ်ဖက်တပ်ကလည်း အထိအခိုက်ရှိပေမဲ့ အတိအကျ မသိရသေးပါဘူး။

နမ့်ဖတ်ကာရွာအနီးက ဇီးဒဘန်ရွာမှာ  မနေ့ ညနေ ၅ နာရီခွဲလောက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရကာ ၁ ဦး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “အိမ် တအိမ်တည်းက  ၃ ယောက် ထိသွားတာ။ နောက် ကျောင်းဆရာမ တယောက်လည်း ထိသွားတယ်” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတော့ အသက် ၄၇ နှစ်အရွယ် ဒေါ်ခေါန်နန်၊ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်ဘရန်စစ်၊ မြေးဖြစ်သူ အသက် ၉ နှစ်အရွယ် မောင်ဘရန်ဆန်အောင်နဲ့ ‌ဘုရားကျောင်းအခြေပြု ပညာရေးစင်တာမှာ စာသင်တဲ့ ကျောင်းဆရာမ မေရီဆိုင်းနန် အသက် ၂၁ နှစ်တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ မိသားစုဝင် ၃ ယောက်စလုံး ကွတ်ခိုင်ဆေးရုံ ပို့ဆောင်ဆေးကုသစေခဲ့ပြီး ဆေးကုသမှု ခံယူနေချိန် ‌အသက် ၁၆ နှစ်ရှိ ဘရန်စစ်က ည ၉ နာရီ ၂၅ မိနစ်မှာ သေဆုံးသွားတယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

“အဆုတ်မှာထိသွားတာ။ အတွင်းမှာ သွေးလျှံသွားလို့ မရတော့ဘူးလေ။”

သေဆုံးသွားသူက မိသားစုကို လုပ်ကျွေးနေသူဖြစ်ပြီး ခြင်းလုံးခတ်နေရာက လက်နက်ကြီးသံကြားလို့ အိမ်ကို ‌အပြေးပြန်လာချိန် အိမ်အရောက် လက်နက်ကြီးကျတာနဲ့ ဆုံသွားတာလို့ သူက ရှင်းပြပါတယ်။

“အခု သူ့အမေလည်း စိုးရိမ်နေရတယ်။ နှလုံးနား ဖောက်ဝင်ဒဏ်ရာ၊ အတွင်းမှာ သွေးတွေထွက်နေတာလို့ ပြောတယ်၊ ဆရာဝန်က။”

လက်နက်ကြီးကျည်ကျကွဲတဲ့ ဇီးဒဘန်ရွာဟာ ၁၂၃ တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့ လမ်းကြောင်းတည့်တည့်မှာ ရှိနေတာဖြစ်ပါတယ်။

ဇူလိုင် ၁၆ ရက် ညနေ ၆ နာရီခန့်ကလည်း ကောင်ရာဘွမ် စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့တွေ မုံးကိုးဘက်ကနေ ဆင်းလာတဲ့ စစ်ကားတန်းကို လုံခြုံရေးသွားယူပေးနေချိန် ကေအိုင်အေဘက်က နေရာဝင်ယူကာ အသင့်စောင့်နေပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ပါသေးတယ်။

အခုလ ဇူလိုင်လအတွင်း မူဆယ်-လားရှိုး ကုန်သွယ်ရာလမ်းမ အနီးဝန်းကျင်တကြော စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး မူဆယ်၊ ကွတ်ခိုင်နဲ့ ကျောက်မဲ မြို့နယ်တွေမှာလည်း TNLA နဲ့ စစ်ကောင်စီ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အပြင် လားရှိုးမြို့နယ်၊ မိုင်းယော်ဘက်မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013