
အမေရိကန်နဲ့ အီရန်ကြား နှစ်ဖက် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ထားချိန်မှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဒီ သံတမန်ရေးနည်းလမ်းနဲ့ အမြန်မဖြေရှင်းနိုင်ဘူးဆိုရင် အီရန်အပေါ် စစ်ရေးအရ ပြင်းပြင်းထန်ထန် ပြန်တိုက်မယ်လို့ ဇူလိုင် ၂၇ ရက်မှာ ထရမ့်ပ်က သတိပေးခဲ့တာပါ။
အမေရိကန်နဲ့ အီရန်အကြား တိုက်ရိုက်ဆွေးနွေးတာမျိုး မရှိဘဲ ကြားဝင်စေ့စပ်သူတွေကတဆင့် သတင်းစကားပါးတာပဲ ရှိတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါအီက တုံ့ပြန်ထားပါတယ်။
အမေရိကန်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ခေတ္တဆိုင်းငံ့ထားသရွေ့ အီရန်ဘက်ကလည်း တိုက်ခိုက်မှုတွေကို ရပ်တန့်ထားမယ်လို့ အီရန် အဆင့်မြင့်တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီလို စစ်ရေးအရ တိုက်ခိုက်မှုတွေ ရပ်တန့်ထားချိန်မှာပဲ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့တွေရဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရတယ်လို့ ဆော်ဒီအာရေဗျက ထုတ်ပြန်ပါတယ်။
အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်ဆိုင်းလိုက်တာကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေဟာ တစည်ကို အမေရိကန်ဒေါ်လာ ၈၇ ဒေါ်လာဝန်းကျင်အထိ ၉ ရာခိုင်နှုန်းနီးပါး ထပ်မံကျဆင်းသွားပါတယ်။
အီရန်နိုင်ငံကတော့ ကမ္ဘာ့စွမ်းအင်လမ်းကြောင်းအတွက် အရေးပါတဲ့ ဟော်မုဇ် ရေလက်ကြားကို သူတို့ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်စစ်တပ်မှာ လက်နက်ခဲယမ်းတွေ ပြတ်လပ်နေပြီဆိုတဲ့ သတင်းတွေကို ထရမ့်ပ်က ငြင်းဆိုခဲ့ပြီး လိုအပ်တာထက် ပိုရှိနေတယ်လို့ ပြောဆိုခဲ့တာပါ။
အမေရိကန်စစ်တပ် အနေနဲ့ စစ်ဆင်ရေးပန်းတိုင်တွေ ရောက်ရှိဖို့ လိုအပ်တဲ့ လက်နက်ခဲယမ်း ပမာဏ လုံလောက်စွာ ရှိနေတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အဲနာ ကယ်လီ ကလည်း ထပ်လောင်း အတည်ပြုခဲ့ပါတယ်။










