DVB Logo
Home
မြန်မာသတင်း
မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ ဂန့်ဂေါနှင့်ထီးလင်းတွင် တိုက်ပွဲဖြစ်
DVB
·
July 18, 2023
မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ ဂန့်ဂေါနှင့်ထီးလင်းတွင် တိုက်ပွဲဖြစ်
Donate to DVB

မကွေးမြို့နယ်မှာ ဇူလိုင်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးလေတပ်စခန်းကို ဇူလိုင် ၁၇ ရက်နေ့ မနက် ၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၁ လုံး Error ဖြစ်ပြီး ၄ လုံးကတော့ ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ လေတပ်စခန်းထဲက ဆီဂိုဒေါင်ကိုထိမှန်ခဲ့ကာ စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦးသိရှိရပြီး အသေးစိတ်သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ငါး​ပြေမပြောက်ကျားတပ်ဖွဲ့၊ MKCDF၊ မကွေခရိုင် တပ်ရင်း ၂နဲ့ တောင်တွင်းကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ပြောပါတယ်။

ဇူလိုင် ၁၅ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်ကလည်း မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမက‌နေထွက်လာတဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်သားအင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်း ဘူးတောင်းရွာနှင့်ညောင်ရွာကြား တထောက်နားနေချိန် YRA (ထီးလင်း) က လက်နက်ကြီးဖြင့် ၁၀ ချက်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

YRA ရဲ့ ခေါင်းဆောင် သခင်ဇော်က "ပထမတော့ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ပစ်တာ။ သူတို့ဘက်က လက်နက်ကြီးပစ်တဲ့ဆီ ချဉ်းကပ်လာတာကနေ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၃ ယောက်သေဆုံးတယ်။ ဒဏ်ရာရသူလည်းများတယ။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်" ဒီဗွီဘီကိုပြောပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာအနီးမှာလည်း ဇူလိုင် ၁၅ ရက်မနက်က စစ်ကောင်စီတပ် အင်အား ၃၀ ဝန်းကျင်နဲ့ ဂန့်ဂေါ PDF တို့ တိုက်ပွဲဖြစ်ပွားပြီး‌နောက် စစ်ကောင်စီက‌ တိုက်ပွဲဖြစ်ရာအနီးတဝိုက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်  မိန်းကလေး ငယ် ၁ ဦး ဒဏ်ရာရကာ တိရစ္ဆာန်တချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တဦးက "ထိတွေ့တိုက်ပွဲခဏဖြစ်ကြတယ်။ သူတို့တိုက်ပွဲအပြီးမှာ မြောက်ခင်ရန်းပျူရွာနဲ့ တောင်ခင်ရန်းရဲစခန်းကနေ လက်နက်ကြီး ၁၂၀ မမတွေနဲ့ ရွာဘက်‌တွေ ပစ်ကြတာ။ စစ်‌‌ကောင်စီဘက်က ထိခိုက်မှု‌တော့ မသိခဲ့ရဘူး။ ကျနော်တို့ဘက်ကထိခိုက်မှုမရှိခဲ့ဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးက သာလင်းရွာထဲကျရောက်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းက‌လေး ၁ ဦး ဒဏ်ရာရရှိပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦး ပြေးလွှားရင်း ထိတ်လန့်ပြီး အမောဖောက်သေဆုံးခဲ့‌ကာ  ဝက်နဲ့နွား ၄ ကောင်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

စစ်‌ကောင်စီရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တောင်ခင်ရန်းရွာ၊ သာလင်းရွာနဲ့ စမ်းမြို့ရွာက ဒေသခံ‌ထောင်ချီ ဘေးလွတ်ရာ‌ ဒေသတွေကို တိမ်းရှောင်ခဲ့ကြရသေးတယ်လို့‌ ဂန့်ဂေါဒေသခံ ကိုသားဇင်က ဒီဗွီဘီကိုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013