DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် လူ့အခွင့်ရေးလှုပ်ရှားသည့် မြန်မာမိသားစုကို အမည်မသိလူတစုက ဖမ်းဆီးထား
DVB
·
July 17, 2023
မလေးရှားတွင် လူ့အခွင့်ရေးလှုပ်ရှားသည့် မြန်မာမိသားစုကို အမည်မသိလူတစုက ဖမ်းဆီးထား
1 / 2
Donate to DVB

မလေးရှားနိုင်ငံမှာ လူ့အခွင့်ရေးလှုပ်ရှားသူ မြန်မာမိသားစုတစုကို အမည်မသိ အမျိုးသားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မလေးရှားအစိုးရအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်တဲ့ Human Rights Watch အဖွဲ့က ပြောပါတယ်။

မြန်မာဒုက္ခသည်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကူညီဆောင်ရွက်ပေးနေတဲ့ အသက် ၄၆ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ အမျိုးသမီး မသူဇာမောင်နဲ့ ခင်ပွန်း၊ သားသမီးတွေကို သူတို့နေထိုင်ရာ ကွာလာလမ်ပူမြို့ နေအိမ်ကနေ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာလို့ ဆိုပါတယ်။

မသူဇာမောင်ဟာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတယောက်ဖြစ်ပြီးတော့ ခုလို ဖမ်းဆီးခံရတဲ့အပေါ် စိုးရိမ်မိတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီရာဆန်က ပြောပါတယ်။

“မသူဇာမောင်နဲ့ မိသားစုကို ကြိုတင်စီစဉ်ထားတဲ့ ခုလိုပြန်ပေးဆွဲခေါ်ဆောင်မှုအပေါ် ကျမတို့ စိုးရိမ်ထိတ်လန့်မိပါတယ်၊ ပြီးတော့ ဒါက အန္တရာယ်ကြီးတယ်။ မလေးရှားအစိုးရအနေနဲ့ မိသားစုကို ရှာဖွေပြီး သူတို့ရဲ့ ဘေးကင်းမှုကို သေချာစေဖို့အတွက် အရေးတကြီး ဆောင်ရွက်သင့်တယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက် ညနေ ၄ နာရီခွဲလောက်မှာ မသူဇာမောင်တို့ မိသားစုနေထိုင်ရာ နေအိမ်ဂိတ်ပေါက်ကို ကားတစီးဝင်ရောက်လာခဲ့ပြီးတော့ သူတို့ဟာ ရဲတွေဖြစ်တယ်လို့ တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေကို ပြောခဲ့ကြောင်း၊ အဲဒီနောက် ၂ နာရီလောက်အကြာမှာတော့ မသူဇာမောင်က သူ့ရဲ့ မိတ်ဆွေတယောက်နဲ့ ဖုန်းပြောခဲ့ပြီး အိမ်ထဲကို အမည်မသိအမျိုးသားတွေ ဝင်ရောက်လာတယ်လို့ ခင်ပွန်းဖြစ်သူဆီ အော်ဟစ်သံကြားရချိန်မှာပဲ ဖုန်းအဆက်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ည ၇း၁၀ နာရီလောက်မှာတော့ သူတို့အိမ်ကို ဝင်လာခဲ့တဲ့ကားနဲ့ မသူဇာမောင်တို့ မိသားစုပိုင် ကား ၂ စီးဟာ ခြံဝင်းထဲကနေ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေကပြောကြောင်း၊ နောက်ပိုင်းမှာတော့ သူ့ရဲ့ ဖုန်းနဲ့ ခင်ပွန်းဖြစ်သူ၊ သားသမီးတွေရဲ့ ဖုန်းတွေပါ ဖုန်းခေါ်ဆိုမှု မရနိုင်တော့တာကြောင့် ချက်ချင်း ပိတ်သွားပုံရတယ်လို့ ဆိုပါတယ်။

အစောင့်ဂိတ်က စီစီတီဗွီ လုံခြုံရေးကင်မရာမှတ်တမ်းတွေထဲမှာ တွေ့ရှိရတဲ့ မသူဇာမောင်တို့ နေအိမ်ဆီ ဝင်ရောက်ခဲ့တဲ့ ရဲကားလိုင်စင်နံပါတ်ပြားကို မလေးရှားရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ချက်အရ လိုင်စင်နံပါတ်ပြားအတုလို့ သတ်မှတ်ခဲ့ပြီး အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာ ကားထဲက လက်အိတ်အနက်ရောင်စွပ်ထားပြီး ဂိတ်က ဖြတ်ကျော်ခွင့်ကတ်ကို ကိုင် ဆောင်ထားတဲ့ ယာဉ်မောင်းတယောက်ရဲ့ လက်တဖက်ကို ဖမ်းယူရရှိထားခဲ့တာပါ။ 

ယာဉ်မှတ်တမ်းတွေမှာ ဖော်ပြထားချက်အရတော့ အဆိုပါယာဉ်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က ဂိတ်ပေါက်ဝကို ဝင်ရောက်ခဲ့တယ်လို့ သိရပြီး မသူဇာမောင်ရဲ့ နေအိမ်ထဲကို ဇူလိုင် ၅ ရက်မှာ ဝင်ရောက်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ အိမ်ထဲမှာ ဓားပြတိုက်ခံထားရတဲ့ လက္ခဏာတွေ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။

မသူဇာမောင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ မလေးရှားနိုင်ငံက ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးအတွက် ကာလကြာရှည်စွာ ထောက်ခံအားပေးသူ တယောက်ဖြစ်ပြီး မြန်မာမွတ်စလင်ဒုက္ခသည်အသိုက်အဝန်းနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုး ရ (NUG) နဲ့လည်း နီးကပ်စွာ လက်တွဲဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုရဲ့ အလွဲသုံးစားပြုမှုတွေအပေါ် ဝေဖန်မှုတွေ ပို့စ်တင်ခဲ့တာကြောင့် သူ့ကို ပစ်မှတ်ထားခံရမှာကို မသူဇာမောင်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပြီး လတ်တလောမှာတော့ ကွာလာလမ်ပူ ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

မသူဇာမောင်ဟာ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုတွေ ကြီးထွားလာမှုက လွတ်မြောက်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ မလေးရှားနိုင်ငံကို ထွက်ပြေးခဲ့တာဖြစ်ပြီး သူတို့ မိသားစုဝင် ၅ ယောက်စလုံးကို မလေးရှားနိုင်ငံက ဒုက္ခသည်တွေအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

Human Rights Watch အဖွဲ့ရဲ့ အာရှဒေသ ဆိုင်ရာ ဒါရိုက်တာ အယ်လိန်း ပီရာဆန်က “နိုင်ငံခြားအစိုးရတွေက ဒီမိသားစုရဲ့ တည်နေရာကို အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ဖို့ မလေးရှား အာဏာပိုင်တွေကို ဖိအားပေးသင့်တယ်။ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ခိုလှုံခွင့်တောင်းတဲ့ နိုင်ငံကနေ စစ်အာဏာရှင်တွေကို ဝေဖန်နေချိန်မှာတောင် အန္တရာယ်ရှိပုံ ရပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013