

ယူကရိန်းဆီ အမေရိကန်က ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးခဲ့ရင် ရုရှားအစိုးရဟာ အလား တူလက်နက်တွေကို သုံးရလိမ့်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ် ရွှိုင်ဂူက ပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ကျယ်ပြန့်တဲ့ ဧရိယာတဝိုက်မှာ ဗုံးအသေး အမြောက်အမြားကို ပုံမှန်အားဖြင့် ထုတ်လွှတ်ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေဖြစ်တဲ့ ကလပ်စတာ ဗုံးတွေကို ယူကရိန်းဆီ ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်က ကြေညာခဲ့ပါတယ်။
ဗြိတိန်နဲ့ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က ကလပ်စတာဗုံး သုံးစွဲမှုကို ပိတ်ပင်ထားပါတယ်။
"အမေရိကန်က ယူကရိန်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ထောက်ပံ့ ပေးတဲ့ကိစ္စမှာ၊ ရုရှားစစ်တပ်က တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းတပ်တွေကို အလားတူ လက်နက်တွေ သုံးခိုင်းမယ်” လို့ ရွှိုင်ဂူက ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လက ဝဂ္ဂနာ ကြေးစားစစ်တပ်ရဲ့ ပုန်ကန်မှုအပြီး ပထမဆုံး အင်တာဗျူးမှာ ရွှိုင်ဂူက ပြောဆိုခဲ့တာပါ။
ရုရှားဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အလားအလာကို သိသိသာသာ လျှော့ချနေပြီး ယူကရိန်း အရှေ့ပိုင်း ဒန်ညက်စ်ဒေသထဲက လွေမွန့် မြို့ဘက်ဆီ တန်ပြန်တိုက်ခိုက်မှုအတွင်း ရုရှားတပ်ဖွဲ့တွေ က နယ်ပယ်တွေ ရခဲ့တယ်လို့ ရွှိုင်ဂူက တခြား မှတ်ချက်တွေမှာ ပြောခဲ့ပါတယ်။
စစ်မြေပြင်ထဲက အခိုင်အမာ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သီးခြား လွတ်လွတ်လပ်လပ် အတည် မပြုနိုင်သေးပါဘူး။
Source-Reuters










