DVB Logo
Home
မြန်မာသတင်း
မြန်မာ့နိုင်ငံရေးအင်အားစုများ အနိုင်ရထိုင်းပါတီများနှင့် ပူးပေါင်းဆောင်ရွက်သင့်ဟု ထိုင်းနိုင်ငံရေးပညာရှင်ပြော
DVB
·
July 17, 2023
မြန်မာ့နိုင်ငံရေးအင်အားစုများ အနိုင်ရထိုင်းပါတီများနှင့် ပူးပေါင်းဆောင်ရွက်သင့်ဟု ထိုင်းနိုင်ငံရေးပညာရှင်ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တင်မက စစ်အစိုးရကို ဆန့်ကျင်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုတိုင်းဟာ မြန်မာပြည်သူတွေကို ‌ထောက်ခံတဲ့ MFP နဲ့ရော ထိုင်းအရပ်ဘက်အဖွဲ့အစည်း (CSOs) တွေနဲ့ပါ သေသေချာချာ ပူးပေါင်း‌ဆောင်ရွက်သင့်တယ်။ ဖွေ့ထိုင်းပါတီဖြစ်ဖြစ်၊ Move Forward ပါတီဖြစ်ဖြစ်၊ ဘယ်ပါတီ အစိုးရဖြစ်လာဖြစ်လာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုတွေအနေနဲ့ နည်းလမ်းရှာသင့်တယ်လို့ ထိုင်းနိုင်ငံရေးပညာရှင်က ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဘာသာဌာန ကထိက  ဒေါက်တာ ဆီရာဒါ ခေမာနိထာထိုင်းက  ဒီဗွီဘီ သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ အခုလို အကြံပြု ပြောဆိုခဲ့တာပါ။

အန်ယူဂျီအစိုးရသာမက မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရကို ဆန့်ကျင်နေတဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးဟာ Move Forward ပါတီနဲ့ရော မြန်မာပြည်သူတွေကို အားပေးကူညီနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ သိပ်ကိုလုပ်သင့်ပါတယ်လို့    ဒေါက်တာ ဆီရာဒါခေမာနိထာထိုင်းက ပြောပါတယ်။ 

“ဖွေ့ထိုင်းပါတီဖြစ်ဖြစ်၊ Move Forward ပါတီဖြစ်ဖြစ်၊ ဘယ်ပါတီ အစိုးရဖြစ်လာဖြစ်လာသူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့  မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုတွေ အနေနဲ့ နည်းလမ်းရှာသင့်ပါတယ်။ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အတွက်ပဲ ဖြစ်ဖြစ်၊ ဘေးကင်းလုံခြုံရေးနဲ့ ကောင်းကျိူးချမ်းသာအတွက် ဖြစ်ဖြစ်ပဲဖြစ်ဖြစ်ပေါ့။ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ စစချင်းတော့ နိုင်ငံရေးအရသိပ် မဖြစ်သင့်ဘူးလို့ ကျမ ထင်ပါတယ်။ လူသားချင်းစာနာမှုကိစ္စတွေနဲ့ စသင့်ပါတယ်။ ဒါဟာ အခုအချိန်မှာ သိပ်ကို အရေးကြီးပါတယ်။ မြန်မာပြည်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲ အကျပ်အတည်းဆိုက်နေတယ်။ နောက်ပြီး နိုင်ငံရေးအရ ထိုင်းမှာ လာရောက် ခိုလှုံနေသူတွေရဲ့ ဘဝကလည်းအရမ်းကို အကာအကွယ်မဲ့နေတုန်းပဲ။ သူတို့မှာ ခိုင်လုံတဲ့အထောက်အထားတွေ မရှိဘူး။ မခန့်မှန်းနိုင်တဲ့ အခြေအနေနဲ့ ထိုင်းမှာနေထိုင်နေကြရတယ်။ ဒါကြောင့် ပထမဆုံး လုပ်ရမယ့်အရာက  ထိုင်းမှာနေနေတဲ့ မြန်မာပြည်သူတွေကို အရင်ဆုံးကူညီဖို့ နည်းလမ်းရှာရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလိုမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အကူအညီအထောက်အပံ့တွေ ထိထိရောက်ရောက်ပေးတယ်ဆိုတာ ခိုင်ခိုင်မာမာပြသနိုင်တဲ့ တခြား လူသားချင်းစာနာမှု အကူအညီလုပ်ငန်းတွေဖြစ်ဖြစ်  စတင်လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ စတင်မှုလို့ ကျမထင်ပါတယ်။”

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဖိထားလိုမ့်ကျရွန်းရတ်ဟာ မြန်မာနိုင်ငံမှာ အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရစဉ်က လူသားချင်းစာနာ တဲ့အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့ ထိုင်းအစိုးရနဲ့  နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုခဲ့ပြီး ဒါဟာ ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်တယ်၊ ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပြီး  ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အဝန်းအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့လည်းသူ့ရဲ့  ထိုင်းဝန်ကြီးချုပ်လောင်း ဖိထားက သူ့ရဲ့ ထွစ်တာမှာရေးထားပါတယ်။

အန်ယူဂျီအစိုးရ အပါအဝင် မြန်မာနိုင်ငံရေးအင်အားစုတွေအနေနဲ့ တရားဝင်မှုရှိတယ်ဆိုတာနဲ့  မြေပြင်မှာ မြန်မာပြည်သူတွေအတွက် ထိထိရောက် ရောက်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ အရင်ပြသဖို့လိုပြီး အဲဒါတွေပြီးမှ နိုင်ငံခြားရေးမူဝါဒတွေ၊ နိုင်ငံရေးအရ ရပ်တည်ချက်ကိစ္စတွေ ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထိုင်းနိုင်ငံရေး ပညာရှင် ဒေါက်တာဆီရာဒါ ခေမာနိထာထိုင်းက အကြံပြုပါတယ်။

“ပထမဆုံး အရာကတော့ မြေပြင်မှာလုပ်နိုင်တဲ့ အားသာချက်နဲ့ လက်တွေ့ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာကို Move Forward ပါတီတို့ ဖွေ့ထိုင်းပါတီကိုသာမက ထိုင်းမှာရှိတဲ့ အစိုးရ အေဂျင်စီတွေအားလုံးကို  ပြသရမယ်။  ဘာလို့လဲဆိုတော့ အခုချိန်မှာ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးနဲ့ ပတ်သက်လို့ ထိုင်းမှာ တကယ့်ကို ဆုံးဖြတ်ရခက်တယ်။ အမျိုးသားလုံခြုံရေးစိုးရိမ်ရတဲ့ကိစ္စကလည်းရှိသေးတယ်၊ နယ်စပ်ချင်းထိစပ်နေတဲ့ ကိစ္စတွေ၊ စွမ်းအင်ဖူလုံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်း ရှိနေသေး တယ်။ ဒါတွေဟာ ထိုင်းအစိုးရ ကွန်ဆာဗေးတစ်ဘက်က ဖြစ်ဖြစ် ဒီမိုကရက်တစ်အုပ်စုဘက်က ဖြစ်ဖြစ် ဆုံးဖြတ်ရခက်ခဲစေပြီး ဒါနဲ့ပတ်သက်လို့ သိပ်ကို အလေးထားတယ်။ ဘာလို့လဲဆိုတော့ ဒါတွေက ထိုင်းမှာရှိတဲ့ ပါဝင်ပတ်သက်ဆက်နွှယ်နေသူတွေ အများကြီးနဲ့ ညှိနှိုင်းဆောင်ရွက်ရတာလေ။ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် သက်ရောက်မှုတွေက အများကြီးပါ နိုင်ငံတကာ ရွေ့ပြောင်းနေထိုင်သူတွေ အရေးကိစ္စ တခုတည်းပဲမဟုတ်ဘူး။ တခြား မူးယစ်ဆေးဝါးကိစ္စတွေ၊ န်သွယ်ရေးကိစ္စတွေ အရာရာတိုင်းဟာ ထိုင်းနဲ့ မြန်မာအကြား အပြန်အလှန်မီခိုနေရတာမဟုတ်လား။ ဒါကြောင့် Move Forward ပါတီအနေနဲ့  စဉ်းစားဆုံးဖြတ်ဖို့ ကိစ္စအများကြီးရှိတယ်၊ ပါဝင်ပတ်သက်သူ တွေအများကြီးနဲ့ သူတို့ ညှိနှိုင်း ဆောင်ရွက်ရမှာဖြစ်တယ်။   Move Forward ပါတီနဲ့ ဖွေ့ထိုင်းပါတီ တင်မကဘူး ထိုင်းနိုင်ငံမှာ ဇာတ်ကောင်တွေအများကြီးလည်းရှိသေးတယ်။ သူတို့နဲ့ ဘယ်လို အလျှော့ပေးမယ်၊ ဘယ်လို စေ့စပ်ညှိနှိုင်းမယ် စဉ်းစားဆုံးဖြတ်ရမယ်။ ထိုင်းနိုင်ငံရဲ့ အခြေခံ ပြည်သူလူထုတွေ အပါအဝင်ပေါ့။  တကယ်လို့တခုခုထိလွယ်ရှလွယ်တဲ့ ကိစ္စတခုခုဖြစ်လို့ ပြည်သူတွေ၊ မီဒီယာတွေ သိပြီဆိုရင် ဒါဟာ ထိုင်းပြည်သူတွေရဲ့  သဘောထားခံစားချက်အတွေ အပေါ်မှာလည်း သက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့် ဘယ်လို လုပ်ဆောင်ချက်ပဲဖြစ်ဖြစ် အရမ်းကို ဂရုစိုက်ဖို့ လိုပါတယ်။”

လက်ရှိအချိန်အထိတော့ အန်ယူဂျီအစိုးရတာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲအနိုင်ရ   Move Forward ပါတီနဲ့ ဆက်ဆံရေး တည်ဆောက်ထားတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။ 

Move Forward ပါတီကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မူဝါဒတွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တခြား တော်လှန်ရေးအင်အားစုတွေအပါအဝင် သက်ဆိုင်သူတွေအားလုံးနဲ့ စေ့စပ်ညှိနှိုင်းလုပ်ကိုင်သွားဖို့ ပါဝင်ပါတယ်။ 

မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖော်ရေးမှာ ထိုင်းနိုင်ငံက အဓိကကျတဲ့နေရာက ပါဝင်တယ်ဆိုတာကို အသိအမှတ်ပြုတဲ့အကြောင်း Move Forward ပါတီခေါင်းဆောင် ဖိထားက ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း  ပြောထားပါတယ်။

တကယ်လို့ သူ့ပါတီအာဏာရခဲ့ရင် အမေရိကန်လွှတ်တော်က အတည်ပြုထားတဲ့ ဘားမားအက်ကို အကောင်အထည်ဖော်နိုင်ရေး ကူညီပေးသွားမှာဖြစ်ပြီး ထိုင်းနဲ့ မြန်မာနိုင်ငံအကြားမှာ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ စင်္ကြံလမ်းကြောင်းတခု တည်ထောင်သွားမယ်လို့ လည်း ဖိထားက ပြောထားပါတယ်။ 

လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ခေါင်းဆောင် ဖိထား အနေနဲ့ ထိုင်းလွှတ်တော်မှာ လိုအပ်တဲ့ မဲအရေအတွက် မရတဲ့အတွက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက် မခံရသေးသလို  သူ့ရဲ့ပါတီနဲ့မဟာမိတ်ပါတီတွေလည်း အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ခြင်းမ ရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013