DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပြည်သူ ၂ ဦးကိုပစ်သတ်ခဲ့
DVB
·
July 16, 2023
ကရင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ပြည်သူ ၂ ဦးကိုပစ်သတ်ခဲ့
Donate to DVB

ကရင်ပြည်နယ်၊ ကော်သူလေးစီမံအုပ်ချုပ်နယ်မြေ တပ်မဟာ ၆ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က အပြစ်မဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်စွန့်ပစ်ခဲ့တယ်လို့ Lion Battalion စစ်ကြောင်းပြန်ကြားရေး ဆီက သိရပါတယ်။

နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ မြေပြင်တပ်ပေါင်းစု စစ်ကြောင်းတို့  ပုလိန်ကျေးရွာနဲ့ ခလယ်ကျေးရွာကြားထဲက မီးသွေးကုန်းဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။

ဇူလိုင် ၁၄ ရက် နေ့လယ် ၃ နာရီလောက်ကစပြီး ဒေသခံကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၃ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(ဘုတ်ပြင်း) လက်အောက်ခံတပ်ရင်းတချို့နဲ့ တပ်မ ၂၂ ဘားအံ အခြေစိုက် ခမရ ၂ဝ၉၊ ခမရ ၂၁ဝ က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၅ဝ လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ညနေပိုင်း ၅ နာရီကျော်အထိ ထိတွေ့တိုက်ပွဲ ဖြစ်တာလို့ Lion Battalion ဗျူဟာ စစ်ကြောင်းပြန်ကြားရေးတာဝန်ရှိသူ ကိုအညာသားက ဒီဗွီဘီကိုပြောပါတယ်။

"ဇူလိုင်ပထမအပတ်ကတည်းက သူတို့နဲ့ ကျနော်တို့နဲ့ စစ်ရေးတင်းမာနေတဲ့ အနေအထားတရပ်ပါ။ ဇူလိုင် ၁၄ ရက် ‌နေ့မှာတော့ နှစ်ဖက်ထိတွေ့ဖြစ်တယ်။ သူတို့ဆီက ၅ ယောက် သေတယ်လို့သိရတယ်။ သူတို့ဘက်က ဒဏ်ရာရသူတွေကို အမြောက်တပ်ဆီကို ပြန်ခေါ်သွားတဲ့အချိန် လိုက်လံရှင်းလင်းခဲ့ရာမှာ ဘယ်သူဘယ်ဝါ ဆိုတာကို အတည်မပြုနိုင်တဲ့ သေဆုံးနေတဲ့ ပြည်သူ ၂ ယောက်နဲ့ ကားတစင်းကို သိမ်းဆည်းရမိခဲ့ပါတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်ကနေ ဇူလိုင် ၇ ရက်နေ့ကတည်းက ဆက်တိုက်ဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ခလယ်တံခွန်တိုင်ရွာ၊ နောင်တင့်ရွာ၊ ခလယ်ရွာ စတဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရကြတယ်လို့လည်း သိရပါတယ်။

ဒေသကာကွယ်ရေးတပ်တာဝန်ရှိသူတယောက်က "ဒီဘက်တွေမှာက ပြည်သူ သိပ်မရှိတော့ဘူး။ စစ်ရှောင်ကုန်ကြတာ။ တချို့တွေကျတော့လည်း မသိတာပဲလား မသိဘူး။ ကျေးရွာတွေထဲမှာနေ နေကြတော့ စစ်တပ်က လက်နက်ကြီးပစ်ထိရင် ဆုံးရှုံးမှုဖြစ်ကုန်ရောဗျာ။ ထုံးစံအတိုင်း စစ်တပ်ကလည်း သူတို့ရဲ့ မြေပြင်လှုပ်ရှား စစ်ကြောင်းတွေကို ခွဲဖြန့်ပြီးလာတော့ ကျနော်တို့ရဲ့ထိတွေ့တာတင်ကို အင်အား ၇၀ ကျော်တယ်။ အားလုံးပေါင်းရင်တော့ အင်အား ၂၅၀ လောက်ရှိတယ်။ လက်နက်ကြီးပစ်တဲ့ အထိုင်စခန်းတွေလည်းရှိတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ KNU/KNLA အမှတ် ၁၆ တပ်ရင်း၊ တောင်ညိုစစ်ကြောင်း၊ နဂါးနီ စစ်ကြောင်း တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီဘက်က အမြောက်တပ်ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ငြိမ်းချမ်းမြိုင် ဘုရားကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ ကျေးရွာကနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဘက်က ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013