DVB Logo
Home
မြန်မာသတင်း
ထိုင်းလူ့အခွင့်အရေး ရှေ့နေများကောင်စီနှင့် မြန်မာလုပ်သားအရေးဆောင်ရွက်သူများ ဆွေးနွေး
DVB
·
July 16, 2023
ထိုင်းလူ့အခွင့်အရေး ရှေ့နေများကောင်စီနှင့် မြန်မာလုပ်သားအရေးဆောင်ရွက်သူများ ဆွေးနွေး
Donate to DVB

ထိုင်းလူ့အခွင့်အရေး ရှေ့နေများကောင်စီနဲ့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတို့ တွေ့ဆုံပြီး အထောက်အထားမဲ့ မြန်မာ ရွှေ့ပြောင်းကလေးတွေ နေရပ်ပြန်ပို့ခံရတဲ့ အကြောင်းနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကြုံနေရတဲ့ အခက်အခဲတွေအကြောင်း ဇူလိုင် ၁၆ ရက်က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။

အဖမ်းဆီးခံထားရတဲ့ မြန်မာကလေးငယ် ၆၇ ယောက်နဲ့ ပတ်သက်လို့ မြန်မာအရေး လှုပ်ရှားနေသူတွေနဲ့ ထိုင်းဥပဒေအရေးကျွမ်းကျင်သူတွေကို တတ်နိုင်တဲ့ ဥပဒေဘောင်အတွင်းကနေ ပါဝင်ပေးဖို့နဲ့ အပိုဒ် ၆၄ (နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ခွင့်) ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် လတ်တလောအခက်အခဲတွေကို ကူညီပေးဖို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေ တောင်းဆိုခဲ့ကြတာပါ။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "ကျနော် တင်ပြတာက ထိုင်းနိုင်ငံမြောက်ပိုင်း အန်ထောင်ခရိုင်ထဲမှာ မကြာသေးခင် ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ကလေးငယ် ၁၂၆ ယောက် ပြန်ပို့ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်သံရုံးအပါအဝင် နိုင်ငံတကာ သံရုံးတွေ၊ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ၊ ထိုင်းပညာရေးအသိုင်းအဝိုင်း အကုန်လုံးက ဝိုင်းဝန်းကန့်ကွက်နေတယ်။ ၅၉ ယောက်ကတော့ နေရပ်ပြန်သွားပြီ။ ကျန် ၆၇ ယောက်အတွက် ကျနော်တို့ ဘယ်အပိုင်းကနေပါဝင်ပေးပြီး ဆောင်ရွက်ပေးနိုင်မလဲ အဲ့အပိုင်း ဆွေးနွေးတယ်။ နောက်တခုက မဲဆောက်အပါအဝင် တာ့ခ်ခရိုင် ၉ မြို့နယ်ထဲ မြန်မာတွေများလာတယ်။ လက်နက်မှုတွေ မူးယစ်ဆေးမှုတွေ၊ လူကုန်ကူးမှုတွေ၊ ရာဇဝတ်မှုတွေတိုးလာတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့တွေက ထိုင်းဥပဒေတွေလည်း သေချာသင်ကြားထားတာဖြစ်တဲ့အတွက် ထိုင်းဥပဒေရှင်တွေနဲ့ ပိုမိုပွင့်ပွင့်လင်းလင်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီး အရှိန်မြင့်လိုက်ပါလို့ အကြံဉာဏ်ပေးလိုက်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်ထဲက ထိုင်းရတ်ဝစ်ထယ (Thairath Wittaya) စာသင်ကျောင်းမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းကျောင်းသား ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး ဇွန်လ ပထမပတ်တွင်းက နေရပ်ပြန်ပို့ဖို့ ကြိုးစားခဲ့ပါတယ်။

ကလေး ၁၂၆ ယောက်မှာ ၅၉ ယောက်ကို မြန်မာနိုင်ငံဘက်ပြန်ပို့ခဲ့ပြီး ကျန်တဲ့ ကလေး ၆၇ ယောက်ကိုတော့ ချင်းရိုင်ခရိုင်ထဲက ကလေးသူငယ်များ ယာယီပြုပြင်ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ထိုင်းရောက် အထောက်အထားမဲ့မြန်မာတွေဟာ နိုင်ငံရေးအခြေအနေ မကောင်းတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာရပြီး ထိုင်းမှာလည်း အထောက်အထားမဲ့ နေထိုင်ရတဲ့အပြင် စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေး အခက်အခဲတွေရှိနေတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

အလုပ်သမားအရေးလုပ်ဆောင်သူ မဇင်မာဝင်းက "လက်ရှိ ဒီဘက်မှာ နေနေတဲ့ အလုပ်သမားတွေအတွက် တရားဝင် နေထိုင်နိုင်အောင် ဆွေးနွေးနေတယ်။ လက်ရှိ တရားမဝင်တဲ့အတွက် အခက်အခဲ ရင်ဆိုင်နေရတာက စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးဖြစ်ဖြစ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပေါ်မှာ ဆွေးနွေးတာဖြစ်တဲ့အတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ ကျမတို့က မြန်မာနိုင်ငံ အခြေအနေ အရပ်ရပ်ကြောင့် ဒီဘက်ကို ရွှေ့ပြောင်းလာတဲ့အပေါ်မှာ ဒီဘက်ထိုင်းမှာလည်း နိုင်ငံရေးအခြေအနေ အခက်အခဲတွေ ရှိတဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသွားအလာ အနေအထိုင်လေးတွေ ဆင်ခြင်ပေးကြပါလို့ ပြောချင်ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အန်ထော်ခရိုင်က စာသင်ကျောင်းမှာ ဖမ်းဆီးခံရတဲ့ ကလေးတွေအရေးနဲ့ ပတ်သက်လို့ ကျန်ရှိနေတဲ့ အထောက်အထားမဲ့ ကလေး ၆၇ ယောက်ကို နေရပ်ပြန်မပို့ဘဲ ထိုင်းနိုင်ငံတွင်းမှာပဲ စာဆက်လက်သင်ကြားနိုင်ဖို့ ထိုင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေက ကူညီ ဆောင်ရွက်ပေးနေပါတယ်။

အထောက်အထားမဲ့သူတွေအတွက် ထိုင်းအစိုးရက ထုတ်ပေးတဲ့ ပန်းရောင်ကတ်က အဆင်ပြေပေမယ့် ပြုလုပ်ခတွေ ကြီးတာကြောင့် ကုန်ကျစရိတ် သက်သာအောင်လည်း ထိုင်းအစိုးရပိုင်း တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ရခိုင်အလုပ်သမားများအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်အလုပ်သမားများအဖွဲ့ ဒါရိုက်တာ နိုင်အောင်အောင်က "အဓိက ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအများစုက ထိုင်းအစိုးရ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်က ထုတ်ပေးခဲ့တဲ့ ပန်းရောင်ကတ်တကတ်နဲ့ အဆင်ပြေတယ်။ ဒါပေမဲ့ ဒီကတ်က နိုင်ငံမဲ့သူတွေအတွက် ဖြစ်တယ်။ ဘဏ်ကတ်လုပ်လို့ရတယ်။ လိုင်စင်လုပ်လို့ရတယ်။ မြန်မာဘက်က အထောက်အထားမဲ့သူတွေအတွက် ထုတ်ပေးတာလည်း ကြိုဆိုခဲ့တယ်။ နောက်ပိုင်းမှာ ကုန်ကျစရိတ်တွေ ထောင်းလာတယ်။ တချို့ဆို အတိုးနဲ့ ယူလာရတယ်။ လက်မှတ်တခုရဖို့ ချွေးနဲစာနဲ့ သောင်းဂဏန်းကုန်နေတယ်။ နောက်ပိုင်းကျ မြန်မာနိုင်ငံသား မဖြစ်ရရင်နေ ပန်းရောင်ကတ်နဲ့ပဲ နေမယ်ဆိုပြီး ဖြစ်လာတယ်။ ဒါကိုလည်း အသစ်တက်လာမယ့် အစိုးရကို တင်ပြဖို့ ရှိတယ်"လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဒီလပိုင်းတွေထဲ ခပ်စိပ်စိပ်ဖမ်းဆီးနေပြီး ပြီးခဲ့တဲ့ရက်အတွင်းကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ တရားမဝင် စားသောက်ဆိုင် ဖွင့်လှစ်ထားမှုနဲ့ ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ၁၁ ယောက် ဖမ်းဆီးခံရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့လည်း ၂၀၁၉ ခုနှစ်တုန်းက ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်းရှိ ရနောင်းဌာနီ ရွှေ့ပြောင်း စာသင်ကျောင်းမှာ မြန်မာ ဆရာ ဆရာမ အယောက် ၃၀ ကျော်ကို ခွင့်ပြုချက်မရှိဘဲ စာသင်ကြားတဲ့ အလုပ် လုပ်ကိုင်မှုနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။ စာသင်ကြားတဲ့ ကလေးတွေကို နေရပ်ပြန်ပို့တာက ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013