DVB Logo
Home
မြန်မာသတင်း
အိန္ဒိယကအဝယ်လိုက်၍ မတ်ပဲစျေးနှုန်းမြင့်တက်
DVB
·
July 16, 2023
အိန္ဒိယကအဝယ်လိုက်၍ မတ်ပဲစျေးနှုန်းမြင့်တက်
Donate to DVB

အိန္ဒိယက အဝယ်လိုက်နေလို့ မြန်မာ့မတ်ပဲ စျေးနှုန်းမြင့်တက်လာတယ်လို့ ပဲရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

၂၀၂၂ ခုနှစ်အကုန်က မတ်ပဲစျေးနှုန်းဟာ တတင်းကို ကျပ် ၆၀,၀၀၀ လောက်ပဲရှိခဲ့ပြီး အခု တတင်းကို ကျပ် ၈၀,၀၀၀ ကျော် အထိမြင့်တက်လာခဲ့တာ​ဖြစ်ပြီး ဒီတပတ် အတွင်းမှာတောင် မတ်ပဲတတင်းကို ကျပ် ၈၀၀၀ တက်လာခဲံတယ်လို့ မတ်ပဲရောင်းဝယ်နေသူတွေဆီက သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲရောင်းဝယ်သူတယောက်က "မတ်ပဲက အသစ်ဝင်ပေမယ့် ပြည်ပကအဝယ်လိုက်လိုက်တော့ ဝင်သလောက်ကုန်တယ်လို့ ပြောလို့ရတယ်ပေါ့။ အိန္ဒိယဘက်က ပထမလက အဝယ်အေးပေးမယ့် အခု သူတို့ဘက်မှာ ရေတွေကြီးပြီး ပဲခင်းတွေပျက်စီးလို့ထင်ပါတယ်။ အဝယ်များလာတယ်။ အဝယ်များတော့ စျေးကောင်းရတာပေါ့" လို့ ပြောပါတယ်။

မတ်ပဲဟာ ပြည်တွင်းမှာစားသုံးတာနည်းပါးပြီး ပြည်ပပို့ကုန်ဖြစ်ပဲ အများအပြား တင်ပို့နေရတဲ့ ကုန်စည်ဖြစ်တာကြောင့် ပြည်ပဝယ်လိုအား​အပေါ်မူတည်ပြီး စျေးနှုန်းပြောင်းလဲတတ်တယ်လို့ မော်လမြိုင် ပဲအမျိုးမျိုး ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။

မော်လမြိုင်မြို့ခံ ပဲရောင်းဝယ်သူတယောက်က "စျေးတွေကတော့တက်ပေမယ့် အဝယ်ကတော့ သိပ်များများစားစားမရှိပါဘူး။ နဲနဲအေးတာပေါ့။ အဓိကက ကျနော်တို့က မြို့တွင်းပဲရောင်းဝယ်လို့ပေါ့။ ပြည်ပတော့ အဝယ်ကောင်းလို့ကြားတယ်။ ပဲထဲမှာတော့ ပဲစင်းငုံကလွဲပြီး အကုန်စျေးတက်တယ်" လို့ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ G to G အစီအစဉ်နဲ့ မတ်ပဲရောင်းဝယ်မှုအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ၅ နှစ်အတွင်း မတ်ပဲတန်ချိန် ၂၅၀,၀၀၀ ကို ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍကနေ အိန္ဒိယနိုင်ငံဆီကို တင်ပို့သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ရှိတဲ့ မတ်ပဲကို အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ တခြားနိုင်ငံ တချို့ကိုလည်း တင်ပို့နေပါတယ်။

မတ်ပဲအပါအဝင်ပဲမျိုးစုံဟာ မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးထွက်ကုန်တွေမှာ အဓိက သီးနှံဖြစ်ပြီး လယ်ယာထွက်ပစ္စည်းထွက်ရှိမှု စုစုပေါင်းရဲ့ ၃၃ ရာခိုင်းနှုန်းရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013