
မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီတပ်ရင်း ၃ ခုနဲ့ ပဲခူးတိုင်း၊ ပေါင်းတည်မြို့တို့မှာ စစ်ကောင်စီတွေဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
ရေးမြို့နယ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၁၉၊ ခလရ ၆၁ နဲ့ အမြောက်တပ် ၃၁၆ တပ်ရင်း ၃ ခုကို ဇူလိုင် ၁၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ မောင်းသူမဲ့လေယာဉ်နဲ့ တပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို မွန် တနင်္သာရီ SF.Z စစ်ဆင်ရေးပူးပေါင်းအဖွဲ့ ဆီကနေ သိရပါတယ်
"စစ်ကောင်စီတပ်စခန်းစစ်ဌာနချုပ်အပါဝင် တပ်စခန်းနေရာ ၃ ခုလုံးကို မောင်းသူမဲ့ လေယာဉ်နဲ့ ပထမဆုံးအကြိမ် စတင်တိုက်ခဲ့တာ စစ်ကောင်စီဘက်က အထိအခိုက် အကျဆုံးတွေရှိနိုင်ပေမဲ့ မသိရသေးဘူး” လို့ ပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အခုစစ်ဆင်ရေးကို မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တောင်ပိုင်းစစ်ဒေသ ခွဲ ၃ မဟာဗျူဟာ လုပ်ငန်းဖော်ဆောင်ရေးအတွက် ရည်မှန်းချက်တခု ဖော်ဆောင်တာလည်း ဖြစ်တယ်လို့ဆိုထားပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှာလည်း ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာ သစ်ပုတ်တာဝါတိုင်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်သားအင်အား ၂၀ ပါတဲ့ စစ်ကြောင်းကို မြောက်လယ်ကြီးနားအရောက်မှာ ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်း Sniper တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က တယောက်သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့ ပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
နေ့လယ်ပိုင်းမှာလည်း လက်ပံခုံရွာနားမှာ စစ်ကောင်စီတပ်တွေ အနားယူနေတုန်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းအဖွဲ့ ၁၊ Tiger စစ်ကြောင်း အဖွဲ့ ၂၊ လင်းယုန်စစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ ၃၆၀၂ အဖွဲ့ ၁ Sniper တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတယောက် နေရာမှာပဲ သေဆုံးပြီး တယောက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါင်းတည်မြို့နယ်၊ သစ်ပြောက်စမ်းရွာနဲ့ နတ်ရေတွင်းရွာတို့က ကုန်စုံဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်သား ၃၂ ယောက်ပါ စစ်ကြောင်းဟာ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းမှာ ညောင်ပင်ရွာနဲ့ နတ်ကန်ရွာကြားမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။
အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ နတ်ကန်ရွာထဲကို ညပိုင်းမှာဝင်ရောက်ပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကိုခိုးယူပြီး နေအိမ်တွေကိုဖျက်စီးခဲ့သလို နှမ်း၊ မြေပဲစတဲ့ မျိုးစေ့ကိုပါဖျက်စီးသွားပါတယ်။
ဇူလိုင် ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း လက်ပံခုံကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကြောင်း ၂ ကြောင်းပေါင်းပြီး တောခမောင်ရွာအရောက်မှာ ပြည်သူတွေရဲ့ အိမ်တွေကို ဖျက်ဆီးတာ၊ ကုန်စုံဆိုင်တွေကို ဖျက်ဆီးတာ၊ မျိုးစပါးနဲ့ ပဲဂိုဒေါင်ကို မီးရှို့ဖျက်ဆီးတာ၊ တန်ဖိုးကြီးပစ္စည်းတွေယူသွားတာ စတာတွေ ကျူးလွန်ခဲ့တယ်လို့ ပေါင်းတည်မြို့ ပကဖ ဆီကနေ သိရပါတယ်။
ဒါ့အပြင် ရွာထဲက ကြက်တွေနဲ့ ဝက်တကောင်ကို ခိုးယူသတ်ဖြတ်ပြီး သစ်ပုတ်တာဝါတိုင်အထိုင်စခန်းဆီကို ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းမှာ ဖမ်းဆီးခံထားရတဲ့ပြည်သူတွေလည်း ပါနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မတိုက်ခိုက်ဘဲ ပြန်ဆုတ်ခွာလာခဲ့တယ်လို့လည်း သိရပါတယ်။











