DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရွှေ့ပြောင်းကလေးများ ပညာဆက်သင်နိုင်ရေး ထိုင်းလူ့အခွင့်အရေးအဖွဲ့များ ကြိုးပမ်းနေ
DVB
·
July 16, 2023
ဖမ်းဆီးခံရွှေ့ပြောင်းကလေးများ ပညာဆက်သင်နိုင်ရေး ထိုင်းလူ့အခွင့်အရေးအဖွဲ့များ ကြိုးပမ်းနေ
Donate to DVB

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ အန်ထော်ခရိုင်ထဲက ထိုင်းရတ်ဝစ်ထယ (Thairath Wittaya) အမှတ် ၆ စာသင်ကျောင်းမှာ မြန်မာကလေးတွေ အပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းကျောင်းသား ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဇွန်လပထမပတ်အတွင်းက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့ ကြိုးစားခဲ့ပါတယ်။

ကလေး ၁၂၆ ယောက်မှာ ကလေးငယ် ၅၉ ယောက်ကို မယ့်ဆိုင်-တာချီလိတ် လမ်းကြောင်းကတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပြီး အဲဒီထဲက ကလေးငယ် ၆၇ ယောက်ကိုတော့ ချင်းရိုင် ခရိုင်ထဲက ကလေးသူငယ်များ ပြုပြင်ထိန်းသိမ်းရေးစခန်းမှာ ယာယီ ထိန်းသိမ်းထားပါတယ်။

အခုဖြစ်စဉ်ကို ထိုင်းပညာရေး အသိုင်းအဝိုင်းနဲ့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့၊ ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ကလေးတွေ ပညာသင်ကြားခွင့် ဆက်လက် ရရှိအောင် ကူညီပေးဖို့ ကြိုးစားနေကြပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "ဇူလိုင်လ ၁၀ ရက်နေ့တုန်းက ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်မှာ အထောက်အထား တစုံတရာ ရှိတဲ့ အဲဒီ အာခါ ကလေးငယ် ၅၉ ယောက်ကို မယ့်ဆိုင်- တာချီလိတ် လမ်းကြောင်းအတိုင်း ပြန်ပို့လိုက်တယ်။ ၁၂၆ ယောက်မှာ ၆၇ ယောက် ကျန်တာပေါ့။ ၆၇ ယောက်ကိုတော့ လောလောဆယ် ကလေးသူငယ်များ ပြုပြင်ထိန်းသိမ်းရေး ယာယီစခန်းထဲမှာ ထားတယ်။ အမေရိကန်သံရုံးအပါအဝင် နိုင်ငံတကာ သံရုံးအားလုံးကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ အဲ့ကလေးတွေ ကိစ္စကို အရေးဆိုတယ်။ ထိုင်းမှာ ဆက်ထားဖို့၊ ပညာသင်ကြားခွင့်ပေးဖို့။ ပြီးတော့ ထိုင်းလူ့အခွင့်အရေး ကော်မရှင် အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဖိအားပေးတယ်။ မနက်ဖြန် ဇူလိုင်လ ၁၆ ရက်မှာ မဲဆောက်မှာ ထိုင်းဥပဒေပြုကောင်စီက အဖွဲ့ဝင်တွေနဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က အကြီးအကဲတို့ သူကိုယ်တိုင် ခေါင်းဆောင်ပြီး ဆွေးနွေးကြမယ်။ အပြင်းအထန် ကန့်ကွက်ကြမယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါရိုက်တာ တယောက်၊ စီမံအုပ်ချုပ်ရေး ဝန်ထမ်းတယောက်နဲ့ ဆရာ နှစ်ယောက်ပဲရှိတဲ့ အဲဒီ ကျောင်းကို တိုင်းရင်းသား ကလေးတွေ အမြောက်အမြား လာရောက် အပ်နှံခဲ့ကြောင်း ဇွန်လ အစောပိုင်းမှာ ဒေသခံတွေက အာဏာပိုင်တွေဆီ သတင်းပို့ တိုင်ကြားခဲ့တာပါ။

စာသင်ကျောင်းက အုပ်ချုပ်ရေးမှူး အပါအဝင် ဆရာ၊ ဆရာမ ၄ ဦးနဲ့ ကျေးရွာသူကြီး ၂ ယောက်တို့ကိုပါ တရားမဝင် နိုင်ငံခြားသားတွေကို လက်ခံထားမှုနဲ့ ထိုင်းအာဏာပိုင်တွေက တရားစွဲသွားမယ်လို့ သိရပါတယ်။

အခုကိစ္စဟာ ရွှေ့ပြောင်းကလေး (၁၂၆) ယောက်နဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ ထိုင်းနိုင်ငံထဲမှာ ပညာသင်ကြားနေကြတဲ့ သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းကျောင်းသားတွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ပြောပါတယ်။

"အဓိကကတော့ ကျနော်တို့ အမြဲတမ်းပြောတယ်။ ဒီပြဿနာသည် ကလေး ၁၂၆ ယောက်ရဲ့ ပြဿနာပဲ မဟုတ်ဘူး။ ထိုင်းနိုင်ငံထဲမှာ သိန်းနဲ့ချီတဲ့ ပညာသင်ကြားနေတဲ့ မြန်မာရွှေ့ပြောင်းကလေးငယ်တွေရဲ့ အချိုးနဲ့လည်း ဆက်စပ်မှုရှိတယ်။ ဘာလို့လဲဆိုတော့ တချို့ ကိုယ်ထူကိုယ်ထ ကျောင်းလေးတွေက မြန်မာ ဆရာ ဆရာမ ကျောင်းသူ ကျောင်းသားသားတွေက စိုးရိမ်မှုတွေရှိတယ်။ ကျနော်တို့ကိုလည်း ဆက်သွယ် မေးမြန်းတာမျိုး ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့တွေက ဒီကိစ္စက ဒီလိုလုပ်လို့ မရဘူး။ ကျနော်တို့ ကိုယ်တိုင် သေချာ လေ့လာတယ်။ လေ့လာမှုတွေ လုပ်ပြီး အဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း ထိုင်းအစိုးရကို တရားဝင် တောင်းဆိုရမှာရှိတယ်။ တောင်းဆိုမှာ အသစ်မဟုတ်ဘူး။ သူတို့ နိုင်ငံမှာ ၂၀၀၅ ခုနှစ်တည်းက ပြဌာန်းပြီးတဲ့ ရွှေ့ပြောင်းလုပ်သမားတွေ ဒုက္ခသည်တွေ ကလေးငယ်တွေအတွက် ပညာရေးပေါ်လစီက အတိအကျ ရှိပြီးသားပဲ။ အဲ့ပေါ်လစီကို လက်တွေ့ အကောင်အထည် ဖော်အောင် ထိုင်းအစိုးရအနေနဲ့ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်တယ်"လို့ FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကလေး အများစုဟာ ချင်းရိုင်ခရိုင် မြန်မာ-ထိုင်း နယ်နိမိတ်ပေါ်က မဲ့စလောင်း တောင်ပေါ်မှာရှိတဲ့ အာခါတိုင်းရင်းသား ကျေးရွာကလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းခရိုင်းရှိ ရနောင်းဌာနီ ရွှေ့ပြောင်း စာသင်ကျောင်းမှာ မြန်မာ ဆရာ ဆရာမ အယောက် ၃၀ ကျော်ကို ခွင့်ပြုချက်မရှိဘဲ စာသင်ကြားတဲ့ အလုပ် လုပ်ကိုင်မှုနဲ့ ရနောင်း-ကော့သောင်းလမ်းကနေ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့ ဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။ စာသင်ကြားတဲ့ ကလေးငယ်တွေကို နေရပ်ပြန်ပို့ခံရတာကတော့ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013