DVB Logo
Home
မြန်မာသတင်း
အရပ်သားကို သတ်ဖြတ်ထားသည့် ဗွီဒီယိုများ ရှမ်းနီတပ်က ဖြန့်ဝေနေဟု PDF ပြော
DVB
·
July 15, 2023
အရပ်သားကို သတ်ဖြတ်ထားသည့် ဗွီဒီယိုများ ရှမ်းနီတပ်က ဖြန့်ဝေနေဟု PDF ပြော
Donate to DVB

စစ်ကောင်စီဩဇာခံ ရှမ်းနီအမျိုးသားများတပ်မတော် SNA က အရပ်သားတချို့ကို သတ်ဖြတ်ထားတဲ့ ဗွီဒီယိုဖိုင်တွေ ဟုမ္မလင်းမြို့နယ်ကပြည်သူတွေ ကြားထဲကို ဖြန့်ဝေနေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီတပ် SNA နဲ့ ဒေသခံ PDF တွေ ဆက်တိုက် ထိတွေ့မှုတွေဖြစ်နေပြီး SNA တပ်သားတချို့ကိုအရှင်ဖမ်းမိရာမှာ ဗွီဒီယိုဖိုင်တွေကို သက်သေနဲ့တကွ တွေ့ရှိခဲ့တယ်လို့ ဟုမ္မလင်း PDF တယောက်ကပြောပါတယ်။

"SNA ရဲ့သုံ့ပန်းတွေကတော့ ကျနော်တို့လက်ထဲရှိတယ်။ သေချာအောင်တော့ ကျနော်တို့လည်း ပြန်မေးနေတယ်။ ၁၀၀ ရာနှုန်းသေချာတယ်။ သူတို့ပြောတဲ့စကားရယ်၊ သူတို့တပ်မဟာရယ်၊ နောက်ပြီး သူတို့ ဘက်တံဆိပ်တွေရယ်၊ အဲဒါနဲ့ အတည်ပြုလို့ ရတယ်။ နောက်ပြီးတော့ အရင်တခေါက်ကဖိုင်တွေဆိုရင် သတ်တဲ့သူတွေရဲ့ လက်ထဲမှာကိုက ကျနော်ကိုယ်တိုင်အဖမ်းခံရဖူးတယ်လေ။ အဲဒါဆိုတော့ SNA မှန်း ကျနော်တို့သေချာအတည်ပြုနိုင်တယ်။ ကျနော်တို့ PDF အဖွဲ့တွေကို အထောက်အပံ့ပေးတဲ့ အင်အားစုတွေ၊ မိသားစုတွေကို သူတို့အဓိက မဲတယ်။ နောက်ပြီးတော့ PDF နဲ့ဆက်စပ်တဲ့ဟာတွေ တော်လှန်ရေးကိုအားပေးတဲ့သူတွေကို ပိုပြီးတော့မှ အကြမ်းဖက်တယ်။ မထင်ရင်မထင်သလို သူတို့နဲ့ သဟဇာတမဖြစ်ရင်လည်း အဲလိုမျိုးလုပ်နေကြပဲ။ ဒါ ကျနော်တို့ဆီရောက်တဲ့ ဗွီဒီယိုဖိုင်တွေပဲရှိတယ်၊ ကျနော်တို့ဆီမရောက်တဲ့ ကျူးလွန်ထားတဲ့ဟာတွေ အများကြီးရှိသေးတယ်" လို့ ပြောပါတယ်။

ဒီ ဗွီဒီယိုဖိုင်တွေမှာ ပါဝင်တဲ့သတ်ဖြတ်မှုတွေကို ဘယ်အချိန်မှာ ဘယ်သူတွေက ဘာကြောင့်ကျူးလွန်ခဲ့တယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

ရှမ်းနီတပ် SNA ရဲ့လုပ်ရပ်ဟာ PDF တွေကို ထောက်ပံ့ကူညီတဲ့ ပြည်သူတွေကို အကြောက်တရားသွင်းဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့လည်း  PDF တယောက်က သုံးသပ်ပါတယ်။

ဟုမ္မလင်းမြို့နယ်ဟာ ဒေသတွင်း PDF တွေ၊ စစ်ကောင်စီတပ်တွေ၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ နာဂ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေထိန်းချုပ်မှုရှုပ်ထွေးတဲ့ ဒေသဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ စစ်ကောင်စီနဲ့ပူးပေါင်းခဲ့ပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

နယ်မြေရှုပ်ထွေးလွန်းတာကြောင့် အမှားအမှန်ကို ခွဲခြားဖို့ခက်ပေမယ့် လက်နက်ကိုင် အဖွဲ့တွေက အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာကတော့ လက်ခံနိုင်စရာမရှိဘူးလို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတယောက်ဖြစ်တဲ့ ကိုစိုးဝင်းဆွေက ပြောပါတယ်။

"စစ်ကိုင်းအထက်ပိုင်းမှာဆိုရင် တိုင်းရင်းသားနိုင်ငံရေးနည်းနည်းရှုပ်တယ်ပေါ့ဗျာ။ ဗမာမဟုတ်တဲ့ တခြားသောတိုင်းရင်းသားတွေရဲ့ ဌာနေလည်းဖြစ်တယ်။ လူမျိုးကွဲတွေလည်း နေထိုင်ကြတာဖြစ်တယ်ဆိုတော့ သူတို့မှာက နွေဦးတော်လှန်ရေး မတိုင်ခင်ကတည်းကိုက အချင်းချင်းကြားမှာပွတ်တိုက်မှုတွေ ပြဿနာတွေက ရှိခဲ့ပြီးသားဖြစ်တယ်။ ဒီလိုအခြေအနေမှာ နွေဦးတော်လှန်ရေး ကြုံကြိုက်လိုက်တဲ့အခါမှာ ပြဿတွေက ပိုပြီးရှုပ်ထွေးပွေလီသွားတဲ့ အခင်းအကျင်းမျိုးလည်း ကျနော်တို့ တွေ့ရတယ်ပေါ့။ ဘယ်သူကမှန်လဲ ဘယ်သူကမှားလဲဆိုတာတောင်မှ ရုတ်တရက် ဆုံးဖြတ်ဖို့ခက်တဲ့အခြေအနေမျိုးလည်း ရှိနေတာတွေ့ရတယ်ဗျ။ လက်နက်ကိုင် အဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိ အဆုံးစီရင်တာ သတ်ဖြတ်တာတွေကတော့ ကျနော့်အနေနဲ့ လက်မခံနိုင်ဘူးဗျ"

အရင်က စစ်ကိုင်းတိုင်းအထက်ပိုင်းက တိုက်ပွဲတွေမှာပဲ SNA  ကပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ညွှန်ကြားချက်အတိုင်း စစ်ကိုင်းတိုင်း အလယ်ပိုင်းက မြို့နယ်တွေအထိ ဆင်းလာတာမျိုးရှိခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေကပြောပါတယ်။

ရှမ်းနီတပ် SNA ကို ၁၉၈၉ ခုနှစ်မှာ စတင်ထူထောင်ခဲ့တယ်လို့ သိရပြီး နွေဦးတော်လှန်ရေးမတိုင်ခင်ကြားကာလမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ နယ်မြေထိန်းချုပ်ရေးပြဿနာတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းလိုက်ချိန်မှာ စစ်ကောင်စီနဲ့ SNA က ပူးပေါင်းခဲ့ပြီး ဒေသတွင်း အရင်ကမကြေလည်မှုတွေကို လက်တုံ့ပြန်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းနီတပ် SNA ကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013