DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၊ ပလက်ဝခရိုင်တွင် မုန်တိုင်းအပြီးထူထောင်ရေးအတွက် အကူအညီလိုအပ်
DVB
·
July 15, 2023
ချင်းပြည်နယ်၊ ပလက်ဝခရိုင်တွင် မုန်တိုင်းအပြီးထူထောင်ရေးအတွက် အကူအညီလိုအပ်
Donate to DVB

ပလက်ဝခရိုင်မှာ မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပလက်ဝခရိုင်က ဇုန်နယ် ၄ ခုဖြစ်တဲ့ ပလက်ဝ၊ မီးဇာ၊ ဆမီးနဲ့ သံထောင်ဇုန်နယ်တို့မှာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပလက်ဝကိုယ်ပိုင်အုပ်ချုပ်ရေးကောင်စီရဲ့  ထုတ်ပြန်ချက်အရ ခရိုင်အတွင်းက လူနေအိမ်ခြေပေါင်း ၅၂၂ အိမ်၊ ဘာသာရေးအဆောက်အအုံ ၈ ခု၊ စာသင်ကျောင်း ၁၅ ကျောင်း၊ ရေပိုက်လိုင်း ၇ ခုနဲ့ စပါးကျီ ၆ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။  

ဘာသာရေးအဆောက်အအုံနဲ့ ပညာရေးအဆောက်အအုံတွေကို ဒေသခံတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ပြင်ဆင်ခဲ့ရပြီး ဘုရားရှိခိုးတာတွေ ပညာသင်ကြားတာတွေ ပြုလုပ်နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကစတင်ပြီး ရခိုင်ပြည်နယ်ထဲ ဝင်ရောက်ကူညီမယ့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် လူမှုကူညီရေးအဖွဲ့ဝင်တွေရဲ့ သွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တာကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ဘဲ ခရီးလမ်းအဆက်အသွယ်ရှိတဲ့ ပလက်ဝခရိုင်အတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေ ရရှိဖို့ ပိုပြီး ခက်ခဲလာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပျက်စီးသွားတဲ့ အိမ်ခြေတွေအတွက် တအိမ်ထောင်စုကို ၂ သောင်းနှုန်းထောက်ပံ့ခဲ့ပေမယ့်လည်း မလောက်ငှဘူးလို့ မုန်တိုင်းသင့်ပြည်သူတွေက ဆိုပါတယ်။

ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးချိန် အိမ်လုံးဝပျက်စီးသွားတဲ့ မုန်တိုင်းသင့်ပြည်သူ အယောက် ၄၀၀ ကျော်ကို ခရိုင်ကောင်စီက Camp ၃ ခုပြုလုပ်ပေးထားပြီး NGO၊ INGO အပါအဝင်  ပြည်သူတွေဆီကရရှိတဲ့ အလှူငွေတွေနဲ့ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ပလက်ဝခရိုင်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။  

ဒေသခံပြည်သူတွေအသုံးပြုတဲ့ အဓိကရေပိုက်လိုင်း ၇ လိုင်းလည်း မုန်တိုင်းအတွင်း ပျက်စီးခဲ့တာကြောင့် ဝေးလံခေါင်ဖျားတဲ့ချောင်းတွေကနေ ရေကိုခပ်ယူ အသုံးပြုနေရတယ် လို့လည်း ဆိုပါတယ်။

ပလက်ဝမြို့ဟာ အရင်က ကုန်လမ်း၊ ရေလမ်းကုန်သွယ်ရေး လမ်းကြောင်းရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေတွေကြောင့် မတူပီ-မင်းတပ်ကားလမ်းကို အသုံးပြုမရတော့တာကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ပဲ ရေကြောင်း ကုန်သွယ်နေရတာပါ။

ဒါကြောင့် ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး စစ်ရှောင်ပြည်သူတွေနဲ့ မုန်တိုင်းသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အမိုးအကာ၊ အိမ်ဆောက်ပစ္စည်းတွေအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013