DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုများရပ်တန့်ရေး မြန်မာစစ်အာဏာရှင်ကို ဖိအားပေးရန် အမေရိကန် တိုက်တွန်း 
DVB
·
July 15, 2023
အကြမ်းဖက်မှုများရပ်တန့်ရေး မြန်မာစစ်အာဏာရှင်ကို ဖိအားပေးရန် အမေရိကန် တိုက်တွန်း 
Donate to DVB

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ ဒီမိုကရေစီအစိုးရပြန်ရဖို့အတွက် စစ်အာဏာရှင်ကို ဖိအားပေးပြီး ကြိုးပမ်းကြဖို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အာဆီယံနိုင်ငံတွေကို တိုက်တွန်း လိုက်ပါတယ်။

ဇူလိုင် ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဝန်ကြီးဘလင်ကန်က ပြောကြားလိုက်တာဖြစ်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့  မြန်မာအရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အလေးထား ပြောကြားသွားပါတယ်။

ဝန်ကြီးဘလင်ကန်က “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ စစ်အာဏာရှင်ကို ကျနော်တို့ ဖိအားပေးရပါမယ်။ ပြီးတော့ ဒီမိုကရက်တစ်အစိုးရအုပ်ချုပ်မှု  ပြန်ရဖို့ အားပေးကူညီရပါမယ်”လို့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောပါတယ်။

အာဆီယံအစည်းအဝေးမှာ မြန်မာကိုယ်စားပြုနိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တက်ရောက်ခွင့်မရဘဲ ထိုင်ခုံနေရာလွတ်သာထားပေးပြီး ကျင်းပခဲ့တာဖြစ်ပေမဲ့   မြန်မာ့အရေးကိစ္စက လွှမ်းမိုးနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် စစ်ကောင်စီကိုဆက်လက် ဖိအားပေးဖို့ အာဆီယံနိုင်ငံတွေရဲ့ ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှုရခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့ အပါအဝင် အာဆီယံ အဖွဲ့ရဲ့  ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း အကောင်အထည်ဖော်လာတဲ့အထိ တွန်းအားပေးရမှာ ဖြစ်တယ်လို့ ဘလင်ကန်က ပြောဆိုခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသတွင်း လုံခြုံရေးကို အားနည်း လာစေတယ်ဆိုပြီးလည်း ဘလင်ကန်က မှတ်ချက်ပေးပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုတော့  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဂျာကာတာမှာကျင်းပခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်များအစည်းဝေးမှာ  အားလုံးသဘောတူညီချက်နဲ့ ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

ဒါပေမဲ့ ဒီသဘောတူညီချက်တွေဟာ အချိန် ၂ နှစ်ကျော်ရှိလာပြီဖြစ်ပေမဲ့  တချက်မှ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေတွေက ပိုမိုဆိုးရွားလာနေတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ရပ်တွေအတွင်း  လူပေါင်း ၁ သန်းခွဲလောက် အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားပါတယ်။

Source- EFE/Reuters

PHOTO Credit- U.S. Department of State

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013