DVB Logo
Home
မြန်မာသတင်း
မိုင်းလင်းဒေသ ရွှေတူးဖော်ခြင်း ရပ်ဆိုင်းရန် ရှမ်းရွာသားများ တောင်းဆို
DVB
·
July 16, 2014
မိုင်းလင်းဒေသ ရွှေတူးဖော်ခြင်း ရပ်ဆိုင်းရန် ရှမ်းရွာသားများ တောင်းဆို
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းလင်းဒေသက ရွှေတူးလုပ်ငန်းတွေ ရပ်ဆိုင်းပေးဖို့ ဒေသခံရွာသားတွေက တောင်းဆိုလိုက်ပါတယ်။

မိုင်းလင်းအနောက်ကျေးရွာအုပ်စုက လွိုင်ခမ်းတောင်ကြောတလျှောက်မှာ ကုမ္ပဏီတွေ ရွှေတူးလုပ်ငန်း ၀င်ရောက်လုပ်ကိုင်ပြီးတဲ့နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ဒေသခံ ရွာသားတို့ရဲ့ ကျန်းမာရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့အတွက် အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

shanကုမ္ပဏီတွေက ရွှေတူးတဲ့အခါ ဒိုင်းနမိုက်၊ ဘူဒိုဇာစတဲ့ ပစ္စည်းတွေ အသုံးပြုသလို ရွှေကျင်ရာမှာ ဆိုင်ယန်နိုဒ် ဓာတုဓာတ်ပါ အသုံးပြုတဲ့အတွက် သူတို့အမှီသဟဲပြုနေတဲ့ နမ့်ခမ်းချောင်းရေ နောက်ကျိညစ်ညမ်းသွားပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်နေတယ်လို့ ဒေသခံ တောင်သူလယ်သမားကိုယ်စားလှယ် ဒေါ် နန်းလာက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ ပျက်စီးမှုတွေ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ နမ့်ခမ်းချောင်းမှာဆိုရင် အကုန်လုံးသဲမြေ နှုန်းမြေတွေ ပြည့်ပြီးတော့ လယ်ကွင်းထဲလည်း ၀င်ကုန်တယ်။ ဒါကြောင့်မို့ လယ်ဧက ၃၀၀ ကျော်မှာ စပါးလုံးဝမစိုက်ပျိုးနိုင်တော့ဘူး။ နမ့်ခမ်းချောင်းဟာဆိုရင် အရင်က အရမ်းကြည်လင်တယ်။ နက်လည်းနက်တယ်။ ကျမတို့ အဲဒီချောင်းကိုပဲ သုံးခဲ့တယ်။ အခုဆိုရင် နမ့်ခမ်းချောင်းရေထဲမှာ သဲတွေ၊ နှုန်းတွေနဲ့ တဖြည်းဖြည်း တိမ်ကောလာတော့ ရေအနက်က ၃ လက်မ၊ ၅ လက်မ အဲလောက်ပဲ ကျန်တယ်။”

ချောင်းရေတိမ်ကောတာကြောင့် လယ်ထဲသွင်းဖို့ ရေမလောက်တဲ့အတွက် စပါးမစိုက်နိုင်တာ ၂ နှစ်ရှိပြီ ဖြစ်ကြောင်း၊ အလုပ်အကိုင်ရှားပါးမှုကြောင့် ရွာထဲက လူငယ် တ၀က်ကျော် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ရပြီး တချို့က ပညာတပိုင်းတစနဲ့ ကျောင်းထွက်လိုက်ရတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါ့အပြင် ညစ်ညမ်းတဲ့ချောင်းရေကို အသုံးပြုတဲ့အတွက် အရေပြားယားယံသလို အဲဒီရေကို သောက်သုံးတဲ့ ကျွဲနွားတိရစ္ဆာန်တွေလည်း အဆိပ်သင့်သေဆုံးမှုတွေ ရှိခဲ့ကြောင်း၊ မြေသယ်ထရပ်ကားကြီးတွေ ဖြတ်သန်းသွားလာတဲ့အတွက် ရွာပေါင်း ၁၁ ရွာကို ဖြတ်သွားတဲ့ လမ်းမကြီးမှာ ချိုင့်ခွက်တွေနဲ့ ပျက်စီးနေတယ်လို့ ဒေါ်နန်းလာ က ပြောပါတယ်။

ကုမ္ပဏီတွေဟာ ၂၀၀၇ ခုနှစ်လောက်က စတင် ၀င်ရောက်ခဲ့ပြီး အစပိုင်းမှာ ၁ ခု ၂ ခုလာက်ပဲရှိပေမယ့် ဒီနေ့မှာတော့ အဲဒီဒေသမှာ ရွှေတူးကုမ္ပဏီပေါင်း ၁၀ ကျော်ရှိပြီး လွိုင်ခမ်းတောင်ကြော ပတ်ပတ်လည် ၁၁ မိုင်လောက်မှာ ရွှေတူးနေကြတယ်လို့ ဆိုပါတယ်။
ရွာသားတွေ တောင်းဆိုမှုကြောင့် ကုမ္ပဏီဘက်က ၂၀၁၂ နဲ့ ၂၀၁၃ မှာ လျော်ကြေးပေးခဲ့ပေမယ့် အပြည့် အ၀မရခဲ့ကြောင်း၊ ရွာသားတွေက ဧက ၂၀၀ အတွက် တောင်းပေမယ့် ၉၂ ဧကအတွက်သာ ရခဲ့ပြီး တဧကကို ၂ သီးစား၊ ၁ သီးကို ကျပ် ၁၅ သိန်းရတဲ့ လယ်မြေမှာ ကျပ် ၅ သိန်းနှုန်းနဲ့သာ ပေးလျော်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရွှေတူးဖော်မှုကို ရပ်ဆိုင်းဖို့၊ ပျက်စီးသွားတဲ့ နမ့်ခမ်းချောင်းနဲ့ မြေယာတွေ ပြုပြင်ပေးဖို့၊ ရွာသားတို့ရဲ့ နစ်နာကြေးတွေ တောင်းဆိုတဲ့အတိုင်း ပေးလျော်ဖို့ စတဲ့အချက် ၃ ချက်ကို တောင်းဆိုကြောင်း ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်လို့ ဒေါ်နန်းလာက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ဝေခဲ့ပြီး ရွာသားကိုယ်စားလှယ် ၁၁ ဦးဟာ ဇူလိုင်လ ၁၄ ရက်နေ့ မနက်က ရှမ်းပြည်နယ် ၀န်ကြီးချုပ်ရုံးကို ကိုယ်တိုင်တောင်းဆိုစာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ပေးပို့တဲ့စာကို ၀န်ကြီးချုပ် စ၀်အောင်မြတ်ကိုယ်တိုင် လက်ခံရယူပြီး ရွာသားတွေကို မိနစ် ၃၀ လက်ခံစကားပြောခဲ့ကြောင်း၊ ရွှေတူးမှုရပ်ဆိုင်းဖို့ ဆက်လက် ဆောင်ရွက်ညွှန်ကြားပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဒေါ်နန်းလာက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013