

ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ လမ်းကြောင်းပြောင်းမယ့် အရိပ်အယောင်မပြဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီဘလင့်ကန် က ဇူလိုင် ၁၄ ရက် သောကြာနေ့က ပြောကြားလိုက်ပါတယ်။
အရှေ့တောင်အာရှရဲ့ လုံခြုံရေးကိုအဓိကထားပြီး နှစ်စဉ်ကျင်းပမြဲ အာဆီယံဒေသတွင်းဖိုရမ် (ARF) အတွက် တရုတ်နိုင်ငံ၊ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့က ထိပ်တန်းသံတမန်တွေ အပါအဝင် နိုင်ငံပေါင်း ၂ ဒါဇင်က နိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ တွေ့ဆုံနေချိန် ပြောလိုက်တာပါ။
ယူကရိန်းမှာ ရုရှားလုပ်နေတာတွေနဲ့ပတ်သက်ပြီး ဦးတည်ချက်လမ်းကြောင်းတခုခု ပြောင်းလဲဖို့ အကြံပြုထားတာကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာ့ဗ်ရို့ဗ် ဆီက ဘာမှမကြားရသေးဘူး လို့လည်း ဘလင့်ကန်က ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကိုပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာ့ဗ်ရို့ဗ် ရဲ့ ဝင်စွက်ဖက်ဆွေးနွေးမှုတွေဟာ ဘယ်ကိစ္စရပ်မှာမဆို အပြုသဘောလည်း မဆောင်၊ ဘာအကျိုးဖြစ်ထွန်းမှုမှမရှိဘူး လို့လည်း ဆိုပါတယ်။
ရုရှားသံတမန်ဟာ လုံးဝကို အပျက်သဘောဆောင်ပြီး၊ ကမ္ဘာပေါ်ကပြဿနာတိုင်းကို အမေရိကန်ကို အပြစ်တင်ဖို့ပဲ အာရုံစိုက်နေခဲ့တာလို့လည်း ဘလင့်ကန်က ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းမှာ စစ်ပွဲအောင်မြင်ဖို့ ကြိုးပမ်းနေတာတွေဟာ ရှုံးနေပါပြီ လို့လည်း ဆိုပါတယ်။
သံတမန်ရေးရာမှာ ရုရှားကပါဝင်ဖို့ အရိပ်အယောင်မရှိကြောင်းနဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်တာက ယူကရိန်းပြည်သူတွေကိုသာမကဘဲ ဒီဒေသတဝှမ်းက ပြည်သူတွေကိုပါ ထိခိုက်စေတယ်လို့ ဘလင့်ကန် က ပြောပါတယ်။
အမေရိကန်ဟာ စားနပ်ရိက္ခာဈေးနှုန်းတွေလျှော့ချဖို့နဲ့ စားနပ်ရိက္ခာရှားပါးမှုကို တိုက်ဖျက်ဖို့အတွက် စားသောက်ထုတ်ကုန်တွေကို ကမ္ဘာကိုတင်ပို့နိုင်ဖို့ ပင်လယ်နက်စပါး အစီအစဉ်ကို တိုးချဲ့လုပ်ဆောင်နေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီ ဘလင့်ကန် က ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်းယူကရိန်းကို လက်နက်အသစ်တွေ ထောက်ပံ့ပေးတာဟာ စစ်မြေပြင်မှာ ဘာမှပြောင်းလဲမှာမဟုတ်ဘဲ အဲဒီမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာမှာပဲဖြစ်တယ်လို့ ဇူလိုင် ၁၃ ရက်မှာ ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောပါတယ်။
Source-Reuters










