DVB Logo
Home
မြန်မာသတင်း
ညောင်ဦး PDF စခန်း တိုက်ခိုက်ခံရ၊ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၆ ဦးသေဆုံး
DVB
·
July 14, 2023
ညောင်ဦး PDF စခန်း တိုက်ခိုက်ခံရ၊ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၆ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ သနပ်ပင်ရွာအနီးက ပုဂံပြည်ဘီလူး PDF စခန်း အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးနဲ့ ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး မောင်းပြန်သေနတ် ၇ လက်၊ ကျည်နဲ့ ဖောက်ခွဲရေးပစ္စည်း သိန်း ၂,၀၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ပုဂံပြည်ဘီလူးတပ် တာဝန်ရှိသူထံက သိရပါတယ်။

ဇူလိုင် ၁၃ ရက် မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး စခန်းတည်နေရာ ပေါက်ကြားခဲ့လို့ ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း အများအပြား ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

ပုဂံပြည်ဘီလူးတပ် တာဝန်ခံ ဗိုလ်ဇီးကွက်က “ရွာထဲဝင်ထဲက သေနတ်တွေနဲ့ရော လက်နက်ကြီးနဲ့ပါ ထုပြီးဝင်လာတော့ ပြည်သူတွေ ထိကုန်တာ။ ကျနော်တို့အဖွဲ့က လုံခြုံရေး ရဲဘော်နှစ်ဦးတော့ ထားတယ်။ စတိုပုံစံ ယာယီစခန်းပါ။ သတင်းပေါက်သွားတာ တဦးတော့ လွတ်လာတယ်၊ ကျန်ခဲ့တဲ့တယောက်ကို ဖမ်းပြီး သတ်လိုက်တယ်လို့ ရွာခံတွေဆီက သိရတာ။ ကျန်တာကတော့ ရွာခံတွေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို အလစ်အငိုက် တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းကာ တဲကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သနပ်ပင်ရွာအတွင်း စခန်းချ နေရာယူထားတဲ့အတွက် ထိခိုက်သေဆုံးမှု သတင်း အတိအကျ မရရှိသေးဘူးလို့လည်း ပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးရဲဘော်နဲ့ ပြည်သူ ၆ ဦး အလောင်းကို ပြန်လည်ရရှိခြင်း မရှိသေးဘဲ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းကာ ရွာအတွင်း နေရာယူထားတဲ့အတွက် နယ်မြေရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ညောင်ဦး PDF စခန်းကို စီးနင်းနိုင်ခဲ့ပြီး PDF ၇ ဦးကို အသေဖမ်းဆီးနိုင်ခဲ့ကာ မောင်းပြန် အော်တိုသေနတ် ၇ လက်၊ ပစ္စတို ၁ လက်၊ ၇.၆၂ ကျည် ၂,၀၀၀ ကျော်၊ ၉မမ ကျည် ၇၀ ကျော်၊ လက်ပစ်ဗုံး ၁၀ လုံးနဲ့ ဖောက်ခွဲရေးပစ္စည်း အများအပြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသူတွေကို PDF တပ်ဖွဲ့ဝင် ၇ ဦးလို့ စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြထားပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်ပြီး ကျန် ၆ ဦးမှာ ရွာခံတွေသာဖြစ်တယ်လို့ တာဝန်ခံ ဗိုလ်ဇီးကွက်က ပြောဆိုထားပြီး အဲ့ဒီအခြေအနေကိုတော့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013