DVB Logo
Home
မြန်မာသတင်း
ကလေး ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး မထိုးပေးနိုင်သဖြင့် သေဆုံးနှုန်း မြင့်လာနိုင်
DVB
·
July 14, 2023
ကလေး ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး မထိုးပေးနိုင်သဖြင့် သေဆုံးနှုန်း မြင့်လာနိုင်
Donate to DVB

အာဏာသိမ်းပြီးနောက်ပိုင်း မွေးကင်းစအရွယ်ကနေ တနှစ်ခွဲအထိ ထိုးပေး၊ တိုက်ကျွေးရတဲ့ ကာကွယ်ဆေးတွေက ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းမရှိတာနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် မြန်မာနိုင်ငံရဲ့ ကလေး ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးမရောက်ရှိတာ ၂ နှစ်ကျော် ကြာနေပြီလို့ အစိုးရမဟုတ်တဲ့ အရပ်ဘက်ကျန်းမာရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။

NLD အစိုးရလက်ထက်ကတည်းက နိုင်ငံတကာက လှူဒါန်းထောက်ပံ့ထားတဲ့ ကလေးတွေအတွက် ကာကွယ်ဆေးနဲ့ TB၊ AIDS တို့လို နာတာရှည်ရောဂါတွေအတွက် သောက်ဆေးတွေကို အစိုးရရဲ့ ဗဟိုထိန်းချုပ်မှုစနစ် အောက်ကနေတဆင့် သက်ဆိုင်ရာနယ်မြေ ဆေးပေးခန်းတွေကတဆင့် ဖြန့်ဝေပေးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတာ၊ ဗဟိုဆေးသိုလှောင်ရုံမှာ ဆေးပြတ်လပ်တာနဲ့ ပြင်ပက ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာတွေကြောင့် ကလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းက ကာကွယ်ဆေး မရရှိဘူးလို့ သိရပါတယ်။

ဒီအတွက်ကြောင့် ပြည်တွင်းမှာရှိတဲ့ အစိုးမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ကာကွယ်ဆေးနဲ့ နာတာရှည်ဆေးဝါးတွေ အခမဲ့ပေးဝေရာမှာလည်း စစ်ကောင်စီရဲ့ စည်းမျဉ်းအသစ်နဲ့ အဖွဲ့မှတ်ပုံတင်ရတာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်အခြေစိုက် ကျန်းမာရေး NGO တခုရဲ့ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။

“ကာကွယ်ဆေးက ကလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကို မထိုးပေးနိုင်ဘူး။ စစ်ကိုင်း၊ မကွေး၊ ကယားမှာ ခွင့်ပြုမိန့် မရတော့ ဆေးသယ်ရခက်လို့ ခွင့်မပြုလို့မထိုးကြရဘူး။ နယ်စပ်ကဖြတ်သယ်လို့လည်း မရဘူး စစ်ကောင်စီက ပိတ်ထားတာ။ ကာကွယ်ဆေးမထိုးရတာ ၂ နှစ်ကျော်နေပါပြီ။ ဆက်မထိုးနိုင်ရင် ဉာဏ်ရည်မမီတဲ့ ကလေးတွေ၊ အချိန်မတိုင်ဘဲ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်မဲ့ ကလေးတွေ များလာပြီး အဲဒီကလေးတွေရဲ့ မျိုးဆက်တွေကလည်း ဘယ်လိုမှမကောင်းနိုင်ဘူး။ ဆေးကုနိုင်တဲ့ လူမလောက်တော့ NGO/ INGO တွေရဲ့ human resource အကူအညီနဲ့ ဆေးသောက်နေရတာ၊ သူတို့ပြောတာမလုပ်ရင် လူနာတွေ အကုန်ဆေးပြတ်တာပေါ့။ Life long treatment က မသောက်ရင် သေကုန်ကြမှာပဲလေ။ သူတို့ဆီမှာ Register မလုပ်ရင် ဆေးခန်းပိတ်ရတယ်၊ ဘာမှ လုပ်မရကြဘူး။ တကယ်က ဆေးကုတယ်ဆိုတာ low profile နဲ့ကုလို့မရဘူးလေ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အလျောက် အသက် ၅ နှစ်အောက် ကလေး သေဆုံးနှုန်း မြင့်မားတဲ့ တိုင်းပြည်တွေထဲမှာ ပါဝင်နေတာပါ။ 

၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းမှာတော့ ကလေးတွေအတွက် ကာကွယ်ဆေးနဲ့ နာတာရှည်ရောဂါတွေအတွက် ဆေးပေးဝေတာတွေ မရှိသလောက် နည်းပါးသွားခဲ့တယ်လို့ CDM ဆရာဝန်တဦးက ပြောပါတယ်။

“ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းစဉ်ကလည်း ကိုဗစ်ကာလမှ လူစုလူဝေးမလုပ်ရတဲ့နောက် တခေါက်ရပ်ဆိုင်းသွားသေးတယ်။ ဒါပေမဲ့ ကိုဗစ်ကာလထဲမှာပဲ လူနည်းနည်းလေးနဲ့ ပြန်စကြတယ်၊ ဒါပေမဲ့လည်း အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းမှာတော့ ဆေးထိုးပေးမယ့် ဆရာ၊ ဆရာမတွေကိုက မရှိတော့တာပေါ့နော်။ နောက်တခုက ဒီကာကွယ် ဆေးတွေကို လှူဒါန်းတဲ့တချို့နိုင်ငံတွေက အစိုးရကို မယုံကြည်တဲ့အတွက် မလှူဒါန်းတော့တာမျိုးပေါ့။ ဒီတော့ ကာကွယ်ဆေးတွေက ပြတ်လပ်လာတယ်။ ကာကွယ်ဆေးပြတ်တာက အခုချက်ချင်းကြီးတော့ မသိသာသေးဘူးပေါ့နော်၊ တချိန်ကျရင် ဘယ်လောက်ထိ ပြဿနာကြီးလာနိုင်လဲဆိုရင် အရင်က နာဂဒေသမှာ ကြုံခဲ့ဖူးတဲ့ ဝက်သက်ဖြစ်သလိုပေါ့နော် လူတွေအစုလိုက်အပြုံလိုက်ကူးစက်တာ၊ အစုံလိုက်အပြုံလိုက် သေတာအထိပါ ဖြစ်လာနိုင်တယ်ပေါ့” လို့ ပြောပါတယ်။

ကျန်းမာရေးအသိရှိတဲ့ မိခင်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေကတော့ နီးစပ်ရာ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာ ငွေပေးပြီး ကိုယ့်ကလေးကို ကာကွယ်ဆေးထိုးပေးတာမျိုးရှိပေမယ့် အများစုကတော့ အခုလို ကာကွယ်ဆေးမရရှိနိုင်ဘူးလို့ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ WHO က ကာကွယ်ဆေးထိုးပေးမယ့် စီမံချက်တွေအတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ volunteer တွေကို သင်တန်းပေးနေတယ်လို့လည်းသိရပါတယ်။

ကလေးအထူးကုဆရာဝန်တဦးက “မွေးစမှ တနှစ်ခွဲအထိ ပုံမှန်ထိုးရမယ့် ကာကွယ်ဆေးတွေက အသက်အလိုက် ပြောမယ်ဆို ပြင်းထန်တီဘီရောဂါကာကွယ်ဆေး (မွေးစမှ ၂ လ)၊ အသည်းရောင် အသားဝါ ဘီပိုးကာကွယ်ဆေး(မွေးစ)၊ ငါးမျိုးစပ် ကာကွယ်ဆေး (ဆုံဆို့နာကာကွယ်ဆေး၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး၊ မေးခိုင်‌ရောဂါ ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး Hib၊ အသည်းရောင် အသားဝါဘီပိုးကာကွယ်ဆေး (အသက် ၂ လ၊ ၄ လ၊ ၆ လ)၊ ပြင်းထန်အဆုတ်ရောင် နမိုးနီးယားကာကွယ်ဆေး PCV (အသက်၂လ၊ ၄ လ၊ ၆ လ)၊ ပိုလီယိုအကြောသေရောဂါကာကွယ်ဆေး (အသက် ၂ လ၊ ၄ လ၊ ၆ လ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး (အသက် ၉ လနဲ့ ၁ နှစ်ခွဲ)၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး (အသက်၉လ) နဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး (အသက် ၂ လ) တို့ပဲဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ ထုတ်ထားတဲ့ ရောဂါတွေဟာ ကူးစက်နှုန်းမြန်ပြီး ကုသရခက်တဲ့အတွက် ရောဂါဖြစ်ရင် ဖျားနာမှုနှုန်းမြင့်မားတာ၊ နာတာရှည် ကိုယ်အင်္ဂါစွမ်းရည်ချို့ယွင်းနှုန်းနဲ့ သေဆုံးမှုနှုန်းတို့ မြင့်မားခြင်းကြောင့် မဖြစ်မနေ ထိုးထားသင့်တယ်” လို့ အကြံပြုပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013