DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အားစိုက်လုပ်ဆောင်ရန် အာဆီယံခေါင်းဆောင်များကို အန်အယ်လ်ဒီ တိုက်တွန်း 
DVB
·
July 14, 2023
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အားစိုက်လုပ်ဆောင်ရန် အာဆီယံခေါင်းဆောင်များကို အန်အယ်လ်ဒီ တိုက်တွန်း 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာ တင်ပြနိုင်ဖို့အတွက် သူအပါအဝင် မတရားဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး အားစိုက်လုပ်ဆောင်ဖို့ အာဆီယံ ခေါင်းဆောင်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီကနေ့  ဇူလိုင်  ၁၄  ရက်မှာ ထုတ်ပြန်ရာမှာ တောင်းဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားဆိုတဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်တွေဟာ ကာယကံရှင်ကိုယ်တိုင်နဲ့  လွတ်လပ်စွာ ပူးတွဲပြောကြားနိုင်တဲ့ အခြေအနေ မဟုတ်လို့ စကားရပ်တိုင်းဟာ စစ်မှန်တယ်လို့ ယူဆဖို့ သံသယရှိတယ်လို့ အန်အယ်လ်ဒီ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ လွတ်လပ်စွာ စုံညီအစည်းအဝေး မကျင်းပနိုင်ဘဲ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်သဘောထားတွေ၊ ဆုံးဖြတ်ချက်တွေမှ ချမှတ်နိုင်မှာမဟုတ်ကြောင်းနဲ့ ပြည်သူလူထုကိုသာ အခြေခံပြီး ပြည်သူလူထုရဲ့ ဆန္ဒသ‌‌ဘောထားကို ဘယ်အခါမှ ဆန့်ကျင်မှာမဟုတ်ပါဆိုတဲ့ အချက်တွေနဲ့လည်း ကွဲလွဲနေတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာတွေ ပြေလည်ရေးလမ်းစအဖြစ် အရေးပါလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒသဘောထားကို ပြည်သူလူထုထံသို့ လွတ်လပ်စွာတင်ပြနိုင်ဖို့ အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ အညီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားတဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ပြီး လွတ်လပ်စွာ သဘောထားအမြင်ဖော်ထုတ်နိုင်မှုကို အားစိုက်လုပ်ဆောင်သင့်ပါတယ်လို့ အန်အယ်လ်ဒီက တိုက်တွန်းထားပါတယ်။ 

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းဟာ စစ်ကောင်စီရဲ့ သဘောတူညီချက်ကို ရယူပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကနေပြည်တော်မှာ  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့  ဇူလိုင် ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတခုဖြစ်ခဲ့တယ်၊ တွေဆုံဆွေးနွေးမှုတွေလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အားပေးတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Photo-NLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013