Home
မြန်မာသတင်း
ပို့ကုန်မှရသည့် နိုင်ငံခြားငွေ တဝက်ကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲလှယ်ရန် ပြောင်းလဲ သတ်မှတ်  
DVB
·
July 14, 2023

ဗဟိုဘဏ်‌ ‌တရားဝင်ငွေလဲနှုန်းနဲ့ မဖြစ်မနေ လဲလှယ်ရမယ့် ပြည်ပပို့ကုန်ရငွေ ပမာဏကို ၆၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအဖြစ် လျှော့ချသတ်မှတ်ပေးကြောင်း စစ်ကောင်စီဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြည်ပကို ပို့ကုန်တွေတင်ပို့ရာမှာ ပို့ကုန်တင်ပို့မှုကရရှိတဲ့ နိုင်ငံခြားငွေပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေ ၂,၁ဝဝ ကျပ်နှုန်းနဲ့ လဲလှယ်ရမယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားပြီး ကျန်ရှိတဲ့ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူက စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ လွှဲပြောင်းရောင်းချနိုင်တယ်လို့ သတ်မှတ်ထားရာကနေ ဇွန် ၂၁ ရက်ကစပြီး ၂,၉၂၀ ကျပ်နဲ့သာ စျေးသတ်မှတ် ရောင်းချရမယ်လို့ ကန့်သတ်ခဲ့ပါတယ်။

အခုအခါ ဇူလိုင် ၁၃ ရက်ကစပြီး ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်စျေး ၂,၁၀၀ ကျပ်နဲ့ မြန်မာကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူတဦးက “ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်း ဗဟိုဘဏ်က ၂,၁၀၀ စျေးနဲ့ သိမ်းမယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်း ကို ဗဟိုဘဏ်သတ်မှတ်စျေး ၂,၉၂၀ ကျပ်နဲ့ exporter က စျေးသတ်မှတ်ရောင်းရမယ်။ နားလှည့်ပါးရိုက်တဲ့ သဘောပါ။ ပို့ကုန်ကျဆင်းနေလို့ လျှော့ချပြတာပါ” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းက မြန်မာငွေကျပ် ၂,၁ဝဝ ဖြစ်ပြီး ဗဟိုဘဏ်ပြင်ပစျေးကွက်မှာ ၃,၁၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။

ပို့ကုန်ရငွေအပေါ် ချမှတ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ မူဝါဒ ကန့်သတ်ချက်က ဈေးကွက်အပေါ် သက်ရောက်မှုတွေရှိနေပြီး ပို့ကုန်တင်ပို့မှုတွေ လျော့ကျစေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက ထောက်ပြ ပြောဆိုတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ အခုဘဏ္ဍာနှစ် ဇွန်လကုန်အထိ ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှု အခြေအနေက ပြီးခဲ့တဲ့ နှစ်ကာလတူထက်စာရင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် လျော့ကျနေပါတယ်။

မြန်မာ့နိုင်ငံရဲ့ စီးပွားရေးဟာ ပြန်လည်ဦးမော့လာပြီလို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ ပြည်သူလူထုကတော့  စီးပွားရေးကျပ်တည်းနေပြီး ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့် မှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024