DVB Logo
Home
မြန်မာသတင်း
ယူအန်/အိုင်အန်ဂျီအို ကူညီထောက်ပံ့ရေး စစ်တွေတွင် ၇၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်
DVB
·
July 16, 2014
ယူအန်/အိုင်အန်ဂျီအို ကူညီထောက်ပံ့ရေး စစ်တွေတွင် ၇၀ ရာခိုင်နှုန်း လုပ်ဆောင်နိုင်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မတ်လက တိုက်ခိုက်ခံရမှုကြောင့် ယူအန်/ အိုင်အန်ဂျီအိုတွေရဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ယာယီရပ်ခဲ့ရပေမယ့် အခုအခါ ၇၀ ရာခိုင်နှုန်းလောက် ပြန်လည်လုပ်ဆောင်နိုင်ပြီလို့ ကာယကံရှင်အဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ ယူအန်/အိုင်အန်ဂျီအိုတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ယူအန်ဘက်က အခုလို ပြောဆိုလိုက်တာလို့ ပြည်နယ်အဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင် ဦးသန်းထွန်းက ပြောပါတယ်။

[caption id="attachment_60388" align="alignright" width="300"]မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ – April Maung Maung) မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ – April Maung Maung)[/caption]“ယူအန်/အိုင်အန်ဂျီအိုဘက်က သူတို့တွေက နေရေးထိုင်ရေး အခက်အခဲကြောင့် နဂိုအတိုင်း ရာနှုန်းပြည့် မလုပ်နိုင်သေးဘူး။ ၆၅ ရာခိုင်နှုန်းပဲ လုပ်နိုင်ပါသေးတယ်လို့ ပြောတယ်။ အဲဒါကို ပြည်နယ်ဝန်ကြီးချုပ်က ယူအန်/အိုင်အန်ဂျီအို တွေက အခုအချိန်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့လည်း အဆင်ပြေနေပြီ၊ နေရေးထိုင်ရေးလည်း အဆင်ပြေနေတာကြောင့် ဘာကြောင့် ၆၅ ရာခိုင်နှုန်းပဲ ပြီးခဲ့တာလဲလို့ မေးတယ်။ အဲဒါကို တို့က ၆၅ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီလို့ ပြောတယ်။”

ဒီတွေ့ဆုံပွဲကို ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတိုနဲ့ ယူအန်/အိုင်အန်ဂျီအိုအဖွဲ့တွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ယူအန်/အိုင်အန်ဂျီအိုအဖွဲ့တွေအတွက် ရုံးခန်းဖွင့်ဖို့နဲ့ ၀န်ထမ်းတွေ နေရေးထိုင်ရေးအခက်အခဲရှိတယ်လို့ တင်ပြကြတာကြောင့် စစ်တွေမြို့ တောင်ဘက်မှာရှိတဲ့ ဖိုးသာရွာမှာ ငှာရမ်းနေထိုင်ဖို့ ထပ်မံခွင့်ပြုလိုက်တယ်လို့ ပြောပါတယ်။

စစ်တွေမှာ ပြီးခဲ့တဲ့ မတ်လက ယူအန်/အိုင်အန်ဂျီအိုအဖွဲ့တွေဟာ ဘင်္ဂါလီတွေဘက်ကို ပိုမိုကူညီတယ်။ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ၀င်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ပြီး တိုက်ခိုက်မှုကြောင့် လုပ်ငန်းတွေ ရပ်တန့်ခဲ့ရပါတယ်။

ပြန်လည်ညှိနှိုင်းချက်အရ မေလလယ်လောက်မှာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ပြန်လည် စတင်ခဲ့ဖြစ်ပြီး ပြည်နယ်အစိုးရက အကူအညီပေးရေးအဖွဲ့တွေရဲ့ ရုံးခန်းနဲ့ နေအိမ်တွေကို စစ်တွေမြို့တောင်ဘက်ပိုင်း၊ ပြည်ထောင်စုလမ်းရဲ့ တောင်ဘက်စွန်းမှာ တစုတစည်းတည်း နေရာချပေးခဲ့တာ ဖြစ်ပါတယ်။

လတ်တလော စစ်တွေမှာ ယူအန်/အိုင်အန်ဂျီအိုအဖွဲ့ပေါင်း ၂၀ ကျော်က ပြည်တွင်းပြည်ပ ၀န်ထမ်းပေါင်း ၃၀၀ ကျော်နဲ့ ကူညီထောက်ပံ့နေကြပါတယ်။

စစ်တွေမြို့ခံတဦးဖြစ်တဲ့ ကိုအောင်ကျော်ဝင်းက ယူအန်/အိုင်အန်ဂျီအိုအဖွဲ့တွေ ဒီတကြိမ် ထောက်ပံ့ကူညီရေး လုပ်ဆောင်တာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတယ်လို့ ပြောပါတယ်။

“သူတို့တချို့တွေမှာ အလှူပေးနေတာတွေ ရှိတယ်ဆိုရင်တောင်မှ ရခိုင်လူထုကို အသိပေးတာတွေ ရှိတယ်။ မွတ်စလင်စခန်းတွေ ဘယ်လောက် အကူအညီပေးထားပြီးပြီ။ ရခိုင်တွေကို ဘယ်လောက် အကူအညီပေးတယ်၊ အဲဒီလို ပွင့်လင်းမြင်သာမှု ရှိလာပါတယ်။ အရင်တုန်းက အဲဒီလို မရှိဘူး၊ အခုနောက်ပိုင်းမှ ရှိလာတာ။”

ကုလအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားခြင်း လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ လွတ်လပ်ခြင်း၊ ဘက်မလိုက်ခြင်း စတဲ့ မူလေးရပ်နဲ့ ချမှတ်လုပ်ဆောင်နေတယ်လို့ ယူအန်က ထုတ်ဖော်ပြောဆိုထားပါတယ်။

မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့ စစ်တွေမြို့ အန်ဂျီအိုတွေ အတိုက်ခံရမူ ဖြစ်စဉ်မှာ နေအိမ် ၂၉ လုံး၊ ဂိုဒေါင် ၇ လုံး၊ မော်တော်ယာဉ် ၂ စီးပျက်စီးခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးလည်း ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပြီး ရဲက ဒီတိုက်ခိုက်မှုနဲ့ဆက်စပ်ပြီး လူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013