

ယူကရိန်းကို လက်နက်အသစ်တွေ ထောက်ပံ့ပေးတာဟာ စစ်မြေပြင်မှာ ဘာမှ ပြောင်းလဲမှာမဟုတ်ဘဲ အဲဒီမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာမှာပဲဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၁၃ ရက်မှာ ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောပါတယ်။
လက်နက်မျိုးစုံ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့မှုအပေါ် မျှော်လင့်ချက်တွေ ထားရှိတာကို တွေ့နေရကြောင်းလည်း ပူတင်က ပြောပါတယ်။
အဲဒီလက်နက်တွေဟာ ပျက်စီးမှုတချို့ကို ဖြစ်စေပေမဲ့ ဒီဒုံးကျည်တွေ၊ နိုင်ငံခြားတင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကို အသုံးပြုတဲ့အခါမှာလည်း တိုက်ပွဲဇုန်မှာ စိုးရိမ်စရာ ဘာမှမဖြစ်ဘူးလို့လည်း သူကဆိုပါတယ်။
ဇူလိုင် ၄ ရက်ကနေ မနေ့ ညနေပိုင်းအထိ ယူကရိန်းတင့်ကား ၃၁၁ စီး ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ အနည်းဆုံး ၃ ပုံ ၁ ပုံလောက်က လဲပါ့ဒ်စ်တင့်ကားတွေ အပါအဝင် အနောက်နိုင်ငံထုတ် တင့်ကားတွေလို့ ခန့်မှန်းရကြောင်း ပူတင်က ပြောပါတယ်။
ယူကရိန်းကို အနောက်အင်အားကြီးနိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ တင့်ကားတွေဟာ အဲဒီနေရာတွေမှာ တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် ဦးစားပေးပစ်မှတ် ဖြစ်နေကြောင်းလည်း ပူတင်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်ဖြစ်အောင် လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီးတော့ ရုရှားရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတွေ ဖန်တီးနေတာ သိသာပါတယ်လို့လည်း ပူတင်က ဆိုပါတယ်။
ဒါဟာ ယေဘုယျအားဖြင့် ကမ္ဘာကြီးကို ပိုထိခိုက်လွယ်စေမှာ ဖြစ်ပြီးတော့ နိုင်ငံတကာဇာတ်ခုံမှာ နောက်ထပ်တင်းမာမှုတွေ ဖြစ်ပေါ်လာစေမယ်လို့လည်း ပြောပါတယ်။
ဒါဟာ ရုရှားရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ခြိမ်းခြောက်မှာဖြစ်လို့ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ လုပ်နေတဲ့ ယူကရိန်းကို ဆန့်ကျင်ကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source - Reuters










