

ယူကရိန်း ရှေ့တန်းစစ်မျက်နှာမှာ ရုရှားတပ်တွေရဲ့ အခြေအနေဆိုးရွားနေပုံကို စစ်တပ်ခေါင်းဆောင်တွေကို အမှန်အတိုင်း တင်ပြခဲ့ပြီးနောက်မှာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ ယူကရိန်းတောင်ပိုင်းမှာ ရုရှားတပ်တွေကို ကွပ်ကဲခဲ့သူ ရုရှားဗိုလ်ချုပ်ကြီး အိုင်ဗန် ပိုပေါ့ဗ်က ပြောပါတယ်။
ရုရှားထိပ်တန်းစစ်တပ်ခေါင်းဆောင်တွေရဲ့ ပျက်ကွက်ညံ့ဖျင်းမှုတွေကြောင့် ရုရှားစစ်သားတွေ နောက်ကျော ဓားထိုးခံရတယ်ဆိုပြီး ပြောခဲ့တာကြောင့်လို့ သူကဆိုပါတယ်။
အမှတ် ၅၈ တပ်ပေါင်း လက်နက်ကိုင်တပ်ဖွဲ့ကို ကြီးကြပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး အိုင်ဗန် ပိုပေါ့ဗ်ဟာ ယူကရိန်း အမြောက်တွေကြောင့် ရုရှားစစ်သားတွေ သေဆုံးမှုတွေကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ရုရှားစစ်တပ်မှာ သင့်လျော်တဲ့ တန်ပြန်အမြောက်စနစ်တွေနဲ့ ရန်သူအမြောက်တွေကို ကင်းထောက်တာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
အခြေအနေမှန်တွေကို တင်ပြခဲ့တဲ့အခါ ထိပ်တန်းအကြီးအကဲတွေဟာ သူ့ဆီကနေ အန္တရာယ်တခုခုကို ခံစားလာရတာကြောင့် ကာကွယ်ရေးဝန်ကြီးရဲ့အမိန့်ကို တရက်တည်းမှာပဲ အမြန်ရအောင်ယူပြီး သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့တာဖြစ်ပြီး အခုတော့ သူ့ကံကြမ္မာကို စောင့်ဆိုင်းနေပြီဖြစ်တယ်လို့လည်း ပိုပေါ့ဗ်က ပြောပါတယ်။
“ယူကရိန်းစစ်တပ်ဟာ ရှေ့တန်းမှာ သူတို့တပ်တွေကို မဖြတ်ကျော်နိုင်ပေမဲ့ ကိုယ့်ဘက်က ထိပ်တန်းအရာရှိကြီးတွေက အနောက်ကနေ ကိုယ့်လူကိုယ် ပြန်နင်းပြီး အခက်ခဲဆုံးနဲ့ အပြင်းထန်ဆုံး အခိုက်အတန့်မှာ ကိုယ့်စစ်တပ်ကိုယ် ခေါင်းဖြတ်နေတာပဲ” လို့ ရုရှားလွှတ်တော်အမတ် အန်ဒရေး ဂူရူလ်ယို့ဗ်က အိုင်ဗန်ပိုပေါ့ဗ်ရဲ့ အသံမက်ဆေ့ချ်ကို ထုတ်ပြလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူ့ကို ထုတ်ပယ်တာနဲ့ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။
ရိုက်တာအနေနဲ့ ဒီအသံမက်ဆေ့ချ်ရဲ့ စစ်မှန်မှုကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ မက်ဆေ့ချ်ကို ဘယ်အချိန်က မှတ်တမ်းတင်ထားတယ် ဆိုတာကိုလည်း မသိရသေးပါဘူး။
ဆယ်စုနှစ်တွေအတွင်း ရုရှားနိုင်ငံအတွက် အကြီးမားဆုံး ပြည်တွင်းစိန်ခေါ်မှုဖြစ်တဲ့ ဝဂ္ဂနာ ကြေးစားစစ်သားတွေရဲ့ ဇွန် ၂၄ ပုန်ကန်မှုအပြီးမှာလည်း သမ္မတ ဗလာဒီမာပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂေ ရွှိုင်ဂူနဲ့ စစ်ဦးစီးချုပ် ဗာလရီ ဂယ်ရာဆီမော့ဗ် တို့ကို အခုချိန်ထိ သူတို့ရာထူးနေရာတွေမှာ ဆက်ထားရှိတုန်း ဖြစ်ပါတယ်။
ဝဂ္ဂနာနဲ့ ချိတ်ဆက်ထားတဲ့ တယ်လီဂရမ်လိုင်းတခုကနေ ပိုပေါ့ဗ်ဟာ ရှေ့တန်းမှာ ပင်ပန်းနွမ်းနယ်နေတဲ့ တပ်ဖွဲ့ဝင်တွေဆီကို စစ်ဦးစီးချုပ် ဂယ်ရာဆီမော့ဗ်နဲ့အတူ လှည့်ပတ်ကြည့်ရှုဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပြီး ရိုက်တာက အဲဒီအစီရင်ခံစာကိုလည်း အတည်မပြုနိုင်ခဲ့ပါဘူး။
Source - Reuters










