
ပြည်တွင်းသကြား လက်ကျန် လျော့နည်းလာမှုနဲ့ ကမ္ဘာ့သကြားဈေးကွက် မြင့်တက်လာတာကြောင့် သကြားစျေးနှုန်း အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ မော်လမြိုင် ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
သကြားစျေးနှုန်းဟာ ၁ ပိသာကို လက်ကားစျေး ကျပ် ၃,၃၀၀ နဲ့ လက်လီစျေး ကျပ် ၄,၀၀၀ ကျော် ပေါက်စျေးရှိနေပါတယ်။
မော်လမြိုင် ကုန်စည်ရောင်းဝယ်သူတဦးက “ပထမလက သကြားစျေးဟာ ၃,၀၀၀ တောင် မရှိဘူးပေါ့။ အခုတော့ ၃,၂၀၀ ကျော်ထိကို မြင့်တက်နေတာ။ သကြားလက်ကျန်လျော့နေလို့ စျေးတက်တယ်လို့ ပြောတာပါပဲ။ သကြားစျေးနှုန်းသာ မြင့်နေတာ အဝယ်ကတော့ အေးပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ သကြားစက်ရုံပေါင်း ၂၃ ရုံရှိပြီး အခုနှစ် သကြားတန်ချိန် ၄ သိန်းခန့် ထွက်ရှိကာ ကြံကြိတ်ခွဲရာသီ ဒီဇင်ဘာမရောက်မီထိ သကြားတန်ချိန် ၁ သိန်းခန့်သာ ကျန်တော့တယ်လို့ မြန်မာနိုင်ငံ သကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့သကြားစျေးနှုန်းမှာ ပြီးခဲ့တဲ့နှစ်က သကြား ၁ တန်ကို အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင်လောက်သာ ရှိခဲ့ရာမှ အခုနှစ်မှာတော့ သကြား ၁ တန်ကို ဒေါ်လာ ၇၀၀ ထိ မြင့်တက်လာပါတယ်။
အအေးဆိုင်ရှင်တဦးက “အရင်က သကြား ၁ ပိသာ တထုပ်ကို ၃,၀၀၀ ကျော်ပဲရှိတာ၊ အခု ၄,၃၀၀ ရှိနေပြီ။ ရောင်းတဲ့ဆိုင်ကတော့ ပြောပါတယ်၊ သူတို့ ၄,၀၀၀ နီးပါး ဝယ်ရလို့တဲ့။ စျေးတက်တာကတော့ ဒီရေလိုပါပဲ။ ကုန်ပစ္စည်းအကုန်ကိုတက်တာ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ သကြားထုတ်လုပ်တဲ့ ကုန်ကြမ်း ကြံကို စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ စိုက်ပျိုးပါတယ်။
မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံဆီ အဓိကထား တင်ပို့ပြီး တရုတ်နိုင်ငံကိုလည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကတဆင့် သကြားအရည် တင်ပို့နေတယ်လို့ သိရပါတယ်။











