DVB Logo
Home
Lead Story
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မညီမျှမှုက မီးထိုးပေးနေတယ် (ဆောင်းပါး)
DVB
·
July 12, 2023
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို မညီမျှမှုက မီးထိုးပေးနေတယ် (ဆောင်းပါး)
Donate to DVB

ထိုင်းစီးပွားရေးပညာရှင် သွန်ဖိတီဒေါလ်

ထိုင်းနိုင်ငံဟာ သူ့ရဲ့မျက်မှောက်ခေတ်သမိုင်းမှာ အထင်ရှားဆုံး အခိုက်အတန့်တွေထဲက တခုကို ဖြတ်ကျော်သွားနေပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ကိုးနှစ်ကြာပြီးနောက် စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးပါတီများ ညွန့်ပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ သိသိသာသာ အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၅၀၀ မှာ ၃၁၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုနဲ ဗိုလ်ချုပ်ကြီးအဖြစ်ကနေ ဝန်ကြီးချုပ်အဖြစ်အသွင်ပြေားခဲ့တဲ့  ပရာယွတ်ချန်အိုချာကို တခဲနက် ပယ်ချခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်ဟာ အစိုးရအပြောင်းအလဲအဖြစ်ကို ပြောင်းလဲမှာလား ဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်တာကြောင့် စစ်တပ်ကခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေ ဆီက ခွင့်ပြုချက် လိုအပ်နေပါ‌သေးတယ်။ ဒါပေမဲ့ တခုတော့ သေချာပါတယ်။ ရွေးကောက်ပွဲ ရလဒ်အားဖြင့် ထိုင်းပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံရေးသဘောထားနဲ့ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း သရုပ်ပြခဲ့ပြီး တိုင်းပြည်ရဲ့ လည်ပတ်ပုံနဲ့ အပြောင်းအလဲကို တောင်းဆိုမှုတွေအပေါ် စိတ်ပျက်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။

စစ်အာဏာရှင်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ မညီမျှမှုတွေ ပိုဆိုးလာတယ်

ထိုင်းလူထုကပြသတဲ့ အပြောင်းအလဲအတွက် ဆန္ဒဟာ နိုင်ငံရဲ့ မညီမျှမှုတွေနဲ့ ဆက်စပ်နေပါတယ်။ တရားဝင်စာရင်းဇယားတွေက မကြာသေးမီက ဝင်ငွေမညီမျှမှု ကျဆင်းလာတာကို ပြသနေပါတယ်။ ဝင်ငွေမညီမျှမှုအတွက် Gini အညွှန်းကိန်းဟာ ၂၀၁၅ ခုနှစ်မှာ ၀ ဒသမ ၄၅ ကနေ ၂၀၂၁ ခုနှစ်မှာတော့ ၀ ဒသမ ၄၃ အထိ ကျဆင်းသွားခဲ့ပါတယ်။

အဓိကအားဖြင့် အစိုးရထောက်ပံ့ကြေး‌တွေပါဝင်တဲ့ လွှဲပြောင်းပေးချေမှုတွေရဲ့ အကျိုးသက်ရောက်မှုကို နုတ်လိုက်ခြင်းဖြင့် Gini အညွှန်းကိန်းဟာ အလားတူကာလမှာ ၀ ဒသမ ၅၅ ကနေ ၀ ဒသမ ၅၇ အထိ တိုးလာပါတယ်။ ဒါကြောင့် မညီမျှမှုတွေ တိုးတက်လာပုံရတဲ့ အခြေအနေဟာ အစိုးရရဲ့ ထောက်ပံ့မှုတွေကြောင့်ဖြစ်ပြီး လူတွေရဲ့ မြင့်မားတဲ့ ဝင်ငွေရရှိနိုင်မှုဟာ တိုးတက်လာတာ မဟုတ်ဘူး ဆိုတာကို ညွှန်ပြနေပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ လူတန်းစားအမျိုးမျိုးရဲ့ ဝင်ငွေပြောင်းလဲမှုတွေဟာ ထိုင်းနိုင်ငံရဲ့ လူလတ်တန်းစားနဲ့ အထက်တန်းစားတွေရဲ့ ဝင်ငွေမှာ ပိုမိုဆိုးရွားလာတာကို ထင်ရှားစေပါတယ်။

ပထဝီဝင်နယ်မြေတွေကို အခြေခံပြီး နှိုင်းယှဉ်ခြင်းဟာလည်း စိတ်ပျက်စရာရလဒ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဘန်ကောက်မြို့ပြဧရိယာကို ပိတ်ဆို့ထားခြင်းကြောင့်လည်း ထိုင်းနိုင်ငံရဲ့ ဒေသအားလုံးက Gini အညွှန်းကိန်းဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဆိုးရွားလာခဲ့ပါတယ်။

ဒီအခြေအနေဟာ ၂၀၁၅ ခုနှစ်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပြီး နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုကို ထိထိရောက်ရောက် လျှော့ချနိုင်မှု ကျဆင်းလာတာကို ညွှန်ပြနေပါတယ်။ အမြဲတစေ ဆင်းရဲမွဲတေမှုဟာ ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ လျင်မြန်စွာ တိုးလာနေတဲ့ လူဦးရေနဲ့ ဆက်စပ်နေပါတယ်။ အများစုဟာ စိုက်ပျိုးရေးမှာ လုပ်ကိုင်ကြပြီး ပညာရေးအခွင့်အလမ်းတွေ နည်းပါးကြပါတယ်။

စစ်တပ်လွှမ်းမိုးမှုအောက်မှာရှိတဲ့ နှစ်တွေအတွင်း ထိုင်းနိုင်ငံရဲ့ မညီမျှမှုဟာ ပိုဆိုးလာကာ လူလတ်တန်းစားတွေ ရုန်းကန်နေရပြီး သက်ကြီးရွယ်အို ဆင်းရဲနွမ်းပါးသူ အရေအတွက် တိုးမြင့်လာတာကြောင့် နောက်ချန်ထားခံနေရပါတယ်။ အစိုးရရဲ့ အကူအညီဟာ ဆင်းရဲနွမ်းပါးမှုအပေါ် ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ ရေတိုအကျိုးသက်ရောက်မှုတွေကို ပျော့ပျောင်းစေပေမဲ့ အမှန်တကယ် ပျက်စီးဆုံးရှုံးမှုဟာ ရေရှည်မှာ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

အရှေ့တောင်အာရှတွင် အနိမ့်ဆုံး တိုးတက်မှုနှုန်းတွေထဲက တခု

ထိုင်းနိုင်ငံရဲ့ မညီမျှမှုအဆင့်ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးနိုင်ငံတခု ဖြစ်ပါတယ်။ ပြဿနာက ပရာယွတ်အစိုးရ မတိုင်မီက တည်ရှိခဲ့တဲ့ မူဝါဒတွေနဲ့ အဖွဲ့အစည်းတွေမှာ အမြစ်တွယ်နေပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်နှစ်တွေက စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ အစိုးရအပေါ် ပြည်သူတွေရဲ့ နာကြည်းမှုကို လှုံ့ဆော်တဲ့နေရာမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

လူတွေရဲ့ အလုံးစုံစီးပွားရေး တိုးတက်မြင့်မားလာတဲ့အခါ လူမှုစီးပွားအခြေအနေတွေကို ရုပ်သိမ်းပေးလေ့ရှိတာကြောင့် စီးပွားရေးမညီမျှမှုကို အနည်းငယ် လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရပ်တန့်သွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ ပျမ်းမျှအားဖြင့် ၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ တိုးတက်မှုနှုန်းဟာ အရှေ့တောင်အာရှမှာ အနိမ့်ဆုံးနိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။ နှေးကွေးတဲ့ တိုးတက်မှုဟာ အထက်ကို ရွေ့လျားနိုင်တဲ့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားပြီး ထိုင်းမျိုးဆက်သစ်လူငယ်‌တွေအကြား အကောင်းမြင်မှု ကင်းမဲ့သွားစေပါတယ်။

ထိုင်းလူမျိုးအများစုဟာ စီးပွားရေးရပ်တန့်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပေမဲ့ နိုင်ငံတွင်း အချမ်းသာဆုံးသူတွေရဲ့ ကြွယ်ဝချမ်းသာမှုကတော့ ဆက်လက်တိုးမြင့်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး မိသားစုတွေဟာ နိုင်ငံရဲ့ စီးပွားရေး နှေးကွေးမှုကြောင့် ထိခိုက်မှု အနည်းငယ်သာ ခံစားခဲ့ရပါတယ်။

ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ အချမ်းသာဆုံးနဲ့ Charoen Pokphand Group ဥက္ကဋ္ဌဖြစ်သူ ဒါနင်းချီရာဗွန့်ဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုက ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလီယံကနေ ၂၀၂၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅ ဘီလီယံအထိ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံးသူတွေဟာ စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ အစိုးရနဲ့ အထူးဆက်နွှယ်နေပုံ ရပါတယ်။ အစိုးရရဲ့ လိုက်လျောမှုတွေနဲ့ အကာအကွယ်ပေးခြင်းတွေဟာ သူတို့ရဲ့ သာယာဝပြောရေးကို ဆက်လက်အားကောင်းစေပေမဲ့ စည်းမျဥ်းစည်းကမ်း အငြင်းပွားမှုတွေဟာ သူတို့ရဲ့ဆန္ဒတွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေး မညီမျှမှု

စီးပွားရေးမညီမျှမှုကြောင့် မမျှတမှုဆိုတဲ့ ခံစားချက်က နိုင်ငံရေးမညီမျှမှုတွေကြောင့် စိတ်ပျက်အားငယ်နေရပါတယ်။ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရ အုပ်ချုပ်မှုအတွင်း ဦးဆောင် အတိုက်အခံ နိုင်ငံရေးသမားတွေကို နိုင်ငံရေးက ပိတ်ပင်ခဲ့ပြီး သူတို့ရဲ့ နိုင်ငံရေးပါတီကို ဖျက်သိမ်းခဲ့ပါတယ်။

သူတို့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ တရားမျှတမှု ကင်းမဲ့နေတာကို လူထုက ခံစားနေကြရပါတယ်။ ဘန်ကောက်မှာ သူတို့ရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ လူငယ်ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာနဲ့အမျှ အစိုးရက ဖြိုခွင်းမှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး လူငယ်ဆန္ဒပြသူတွေကို လွဲမှားစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ဒီလုပ်ရပ်တွေက လူထုအနေနဲ့ အစိုးရကို ဒေါသပိုထွက်စေပါတယ်။

ထိုင်းနိုင်ငံရေးရဲ့ အနာဂတ်က မသေချာပါဘူး။ အစိုးရသစ်ကို အောင်အောင်မြင်မြင် ဖွဲ့နိုင်ရင်တောင်မှ ရုတ်တရက် ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။

မညီမျှမှုပြဿနာဟာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး တိုးတက်ကောင်းမွန်လာဖို့ အချိန်နဲ့ အားထုတ်မှု လိုအပ်မှာဖြစ်ပါတယ်။ အခုအခါ ထိုင်းလူထုက အပြောင်းအလဲအတွက် တောင်းဆိုမှုကို ကြွေးကြော်နေတာကြောင့် ကာလကြာရှည် ဆုံးရှုံးခဲ့ရတဲ့ အကောင်းမြင်မှုတွေ ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

ဘာသာပြန်သူ- လီလီ

Ref:CNA

Photo-MFP

(ထိုင်းနိုင်ငံ၊ သမားဆတ်တက္ကသိုလ်က စီးပွားရေးပညာရှင် သွန်ဖိတီဒေါလ်  CNA သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့  “Inequality fuelling the fire for Thailand’s political change” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013