

တူရကီက အာဇော့ဗ်တပ်မှူးတွေကို ယူကရိန်းဆီ လွှဲပြောင်းတာဟာ မော်စကို၊ အန်ကာရာနဲ့ ကိယက်ဗ်တို့အကြား သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဇူလိုင် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
မော်စကိုနဲ့ အန်ကာရာအကြား ဆက်ဆံရေး တင်းမာလာပြီးနောက်မှာ တူရကီက ယူကရိန်းတပ်မှူး ၅ ဦးကို ကိယက်ဗ်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ဒါဟာ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို ချိုးဖောက်တာလို့ ရုရှားက ဆိုပါတယ်။
မော်စကိုဟာ သူတို့လွတ်မြောက်လာရခြင်းရဲ့ နောက်ကွယ်က အကြောင်းပြချက်တွေအတွက် ရှင်းလင်းချက်တွေကို ရှာဖွေနေမှာဖြစ်ပြီး အန်ကာရာနဲ့ အနာဂတ် သဘောတူညီချက်တွေကို လုပ်ဆောင်ရတဲ့အခါ အဲဒီအချက်ကို ထည့်သွင်းစဉ်းစားတော့မှာဖြစ်ကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းလို့ ရုရှားက တံဆိပ်ကပ်ခံထားရတဲ့ အာဇော့ဗ်တပ်မှူးတွေဟာ ယူကရိန်းမှာ တိုက်ပွဲတွေ ပြီးဆုံးသွားချိန်အထိ တူရကီမှာ ရှိနေရမှာဖြစ်ပြီး အကျဉ်းသား လဲလှယ်မှုအတွင်း သူတို့ဟာ ဖမ်းဆီးခံထားရတာကနေ လွတ်မြောက်လာကြတာ ဖြစ်ပါတယ်။
အာဇော့ဗ်တပ်မှူးတွေဟာ မာရီယူပိုလ်မှာရှိတဲ့ အာဇော့ဗ်စတလ် စက်မှုဇုန်မှာ ရုရှားတပ်တွေကို ခုခံကာကွယ်ခဲ့တဲ့ ယူကရိန်းမြို့စောင့်တပ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလမှာ လက်နက်ချခဲ့ကြတာပါ။
ပင်လယ်နက်စပါးစာချုပ် ချုပ်ဆိုမယ့် အလားအလာနဲ့ပတ်သက်လို့ မေးမြန်းကြည့်ရာမှာ ဒီသဘောတူညီချက်ကို သက်တမ်းတိုးရေး ဆွေးနွေးဖို့ လက်ရှိအချိန်မှာ သမ္မတ ဗလာဒီမာပူတင် အနေနဲ့ တူရကီသမ္မတ ရီဆက်ပ် တေယစ်ပ် အာရ်ဒိုဂန်နဲ့ တွေ့ဆုံမယ့် အစီအစဉ် မရှိသေးကြောင်းနဲ့ နောက်လမှာ တူရကီကို ပူတင် လာရောက်ဖို့ရှိကြောင်း အာရ်ဒိုဂန်က ပြောထားခဲ့ပေမဲ့ ဘယ်အချိန် လာရောက်မယ်ဆိုတာ သေချာမသိသေးဘူးလို့ ပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။
မော်စကိုဟာ ဇူလိုင် ၁၇ ရက်ထက် ကျော်လွန်ပြီး စပါးသဘောတူညီချက်ကို သက်တမ်းတိုးစရာ အကြောင်းမရှိဘူးလို့ ထပ်ခါတလဲလဲ ပြောကြားထားပါတယ်။
Source - Reuters










