

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ်၊ မာဘလာကတ်မြို့မှာ အလုပ်ရှင်ထွက်ပြေးလို့ အခက်အခဲ ကြုံတွေ့နေရတဲ့ မြမာနိုင်ငံသား ၂၂ ယောက်ကို မြန်မာနိုင်ငံ ပြန်လည်ပို့ပေးခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇူလိုင် ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဖိလစ်ပိုင်မှာ အွန်လိုင်းဂိမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုဟာ လုပ်ငန်းဖျက်သိမ်းခံရပြီး အလုပ်ရှင် ထွက်ပြေးသွားလို့ အခက်အခဲ ကြုံတွေ့နေရတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား ၂၃ ယောက် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
မြန်မာသံရုံးဟာ မြန်မာနိုင်ငံသား ၂၃ ယောက်ထဲက အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် စုစုပေါင်း ၂၂ ယောက်ကို မြန်မာသံရုံးက ယာယီတာဝန်ခံနဲ့ ဖိလစ်ပိုင် လူဝင်ကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက မနီလာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြန်မာနိုင်ငံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ကျန်တဲ့ မြန်မာနိုင်ငံသားတယောက်ကိုလည်း လူဝင်ကြီးကြပ်ရေးကိစ္စတွေ ဆောင်ရွက်ပြီးစီးပါက မြန်မာပြည်ကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
ပမ်ပန်ဂါပြည်နယ်ရှိ အွန်လိုင်းဂိမ်းကုမ္ပဏီကို မေ ၄ ရက်မှာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၁,၁၃၇ ယောက်ကို ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲက မြန်မာနိုင်ငံသား ၄၂ ယောက်ကို မေလနဲ့ ဇွန်လအတွင်း သုံးသုတ်ခွဲပြီး ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။










