

အမေရိကန်အရှေ့မြောက်ပိုင်းမှာ ဇူလိုင် ၁၀ ရက်က မိုးသည်းသည်းထန်ထန်ရွာခဲ့လို့ ကားလမ်းတွေ ရေနစ်မြုပ်သွားခဲ့တဲ့အတွက် လှေတွေနဲ့ ကယ်ဆယ်ခဲ့ရပြီး လူတဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မိုးရေချိန် ၇ လက်မအထိ ရွာနိုင်တယ်လို့ ခန့်မှန်းထားတဲ့ အရှေ့မြောက် နယူးယောက်ပြည်နယ်၊ ဘော်စတွန်ကနေ အနောက် မိန်းပြည်နယ်အထိ ရေကြီးရေလျှံမှု သတိပေးချက်တွေကို အမေရိကန်နိုင်ငံသား ၁၃ သန်းလောက်က စောင့်ကြည့်နေတယ်လို့ အမျိုးသားမိုးလေဝသဌာနက ခန့်မှန်းပြောဆိုပါတယ်။
သီတင်းပတ်ကုန်ရက်မှာ စတင်ခဲ့တဲ့ မုန်တိုင်းတွေကြောင့် မြစ်ချောင်းတွေ ရေလွှမ်းမိုးခဲ့တာပါ။
နယူးယောက်မြို့က လာဂါးဒီးယားနဲ့ ဘော့စတွန်မြို့က လိုဂံ အပါအဝင် ဒေသတွင်း လေဆိပ်တွေမှာ လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကို မိုးရွာသွန်းမှုကြောင့် ရွှေ့ဆိုင်း ဖျက်သိမ်းခဲ့ရပါတယ်။
ဇူလိုင် ၁၀ ရက် မနက်မှာ အမ်ထရက်ခ်ဟာ အယ်လ်ဘာနီနဲ့ နယူးယောက်မြို့ကြား ခရီးသည်တင်ရထား ဝန်ဆောင်မှုကို ဆိုင်းငံ့ထားခဲ့ရပါတယ်။
အောရိန့်ချ်မြို့နယ်နဲ့ အွန်တေရီအိုမြို့နယ်တို့ကနေ အနောက်မြောက်ပိုင်းတလွှားအတွက် အရေးပေါ်အခြေအနေ ကြေညာထားပြီး ဒေသခံတွေ တနေကုန် မိုးလေဝသ ဟောကိန်းတွေကို စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
Source - Reuters











