Home
နိုင်ငံတကာ
ဘန်ကောက်တွင် ဆောက်လက်စတံတားပြိုကျ၊ ၂ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ 
DVB
·
July 11, 2023

ထိုင်းနိုင်ငံ ဘန်ကောက် လတ်ကဘန်းနယ်မြေ  အွန်နွတ်-လတ်ကဘန်းလမ်းဆုံက ဆောက်လက်စ ခုံးကျော်တံတားကြီး ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီလောက်က ပြိုကျပျက်စီးသွားခဲ့ပါတယ်။ 

တံတားပြိုကျမှုကြောင့် ကနဦးမှာ  သေဆုံးသူ ၁ ဦး ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိပြီး မနေ့ည ၉ နာရီလောက်မှာတော့ ဒဏ်ရာရသူ ၁၃ ဦးထဲက ၁ ဦး ဆေးရုံမှာ သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

အခင်းဖြစ်နေရာမှာ သေဆုံးသူကတော့ နိုင်းချတ်ချိုင်း ပရဆစ် ဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး သူဟာ ကားမောင်းနေစဉ် ကွန်ကရစ်တံတား အပိုင်းအစပြုတ်ကျလာကာ ကားထဲမှာ ပိတ်မိပြီး သေဆုံးသွားတာလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ 

ဆေးရုံမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူထဲ အများစုက  ဆောက်လုပ်ရေးလုပ်သားတွေဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားတွေ ပါမပါတော့ မသိရသေးပါဘူး။ 

‌အဆိုပါခုံးကျော်တံတားဟာ ဘန်ကောက်အစိုးရ  ရန်ပုံငွေ ဘတ်သန်းပေါင်း ၁၆၀၀ နဲ့  ထားရားဝမ်းကွန်စထပ်ရှင်ကုမ္ပဏီ၊ နာ့ဖားကုမ္ပဏီတို့  တာဝန်ယူဆောင်ရွက်နေတာလို့ ဆိုပါတယ်။ 

လမ်းဆုံလမ်းခွမှာ ယာဉ်ကြောပိတ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆောက်လုပ်ခဲ့ကြောင်း၊ အမြင့် ၂၀ မီတာ အရှည် ၂၂၀၀ မီတာရှိ ၄ လမ်းသွား တံတားကြီးဖြစ်ပြီး  ဒီ ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာ အပြီးတည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

မနေ့ညက ပြိုကျပျက်စီးသွားတဲ့အပိုင်းမှာ အရှည် မီတာ ၁၀၀ လောက်ရှိပြီး ပြိုကျရတဲ့ အသေးစိတ် အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဒီမတိုင်ခင်ကလည်း ဆောက်လက်စတံတားပေါ်ကနေ အုတ်အပိုင်းအစ ဆောက်လုပ်ရေးပစ္စည်းတွေ ပြုတ်ကျလာခဲ့ဖူး ပေမယ့် ကြီးမားတဲ့ ထိခိုက်မှုတော့ မရှိဘူးလို့ အခင်းဖြစ်တဲ့နေရာ လာရောက်စစ်ဆေးတဲ့ ခရိုင်ဝန် နိုင်းချချတ် ဆစ်ထိဖန်က ပြောပါတယ်။ 

မနေ့ည ဖြစ်ရပ်မှာတော့ တံတားအောက်မှာ ဥဒဟိုဖြတ်သွားနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေရော၊ ရပ်နေတဲ့ ကားနဲ့ ဆိုင်ကယ်တွေပေါ်မှာ ကွန်ကရစ်ကြမ်းခင်းနဲ့ တိုင်တွေပြုတ်ကျခဲ့ကာ မော် တော်ကား ၁၀ စီးထက်မနည်း ပျက်စီးခဲ့ပါတယ်။  လူ၊ ကား နဲ့ ဆိုင်ကယ်တွေ ဆွဲထုတ်တာ တညလုံးဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းကိုလည်း ပိတ်ထားခဲ့ရပါတယ်။ 

ဒီကနေ့မနက်ပိုင်းအထိ လမ်းမဖွင့်နိုင်သေးဘဲ ယာဉ်တွေပုံမှန်ဖြတ်သန်းသွားလာနိုင်ရေးအတွက် သက်ဆိုင်ရာက အမြန်ဆုံးဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

ကိုးကား - thairath.co

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024