DVB Logo
Home
မြန်မာသတင်း
နေရပ်ပြန်ပို့ခံရမည့် ကလေးများ ပညာဆက်သင်နိုင်ရန် ထိုင်းလူ့အခွင့်အရေးအဖွဲ့များ ကူညီပေးနေ
DVB
·
July 10, 2023
နေရပ်ပြန်ပို့ခံရမည့် ကလေးများ ပညာဆက်သင်နိုင်ရန် ထိုင်းလူ့အခွင့်အရေးအဖွဲ့များ ကူညီပေးနေ
Donate to DVB

ထိုင်းနိုင်ငံ၊ အန်ထော်ခရိုင်ထဲက ထိုင်းရတ်ဝစ်ထယ (Thairath Wittaya) အမှတ် ၆ စာသင်ကျောင်းမှာ မြန်မာ ကျောင်းသားတွေ အပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းကျောင်းသား ၁၂၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဇွန်လ ပထမပတ်တွင်း ဖမ်းဆီးခဲ့ပြီး ကလေးတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်က ကလေးငယ် ၁၂၆ ယောက်ကို ချင်းရိုင်ကို ပို့ဆောင်ခဲ့ပြီး အဲဒီကနေ မိခင်နိုင်ငံကို ပြန်ပို့သွားမယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

ကလေးငယ် ၁၂၆ ယောက်မှာ အယောက် ၃၀ ကို မိဘတွေက ပြန်ခေါ်သွားပြီး ကျန်ရှိနေတဲ့ ကလးငယ်တွေကို မိခင်နိုင်ငံဆီ ပြန်ပို့ဖို့ ဒေသဆိုင်ရာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ လူမှုဘဝဖွံ့ဖြိုးရေးနဲ့ အာမခံဌာနမှာ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီစာသင်ကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူး အပါအဝင် ဆရာ၊ ဆရာမ ၄ ဦးနဲ့ ကျေးရွာသူကြီး ၂ ယောက်တို့ကိုပါ တရားမဝင် နိုင်ငံခြားသားတွေကို လက်ခံထားမှုနဲ့ ထိုင်းအာဏာပိုင်တွေက တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။

အခုဖြစ်စဉ်ကို ထိုင်းပညာရေး အသိုက်အဝန်းနဲ့ ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့၊ ထိုင်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြင်းပြင်းထန်ထန် ရှုတ်ချထားပြီး ကလေးတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဆက်လက် ရရှိအောင် ကူညီပေးဖို့ ကြိုးစားနေကြပါတယ်။

ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်နေပြီး အဖွဲ့အစည်းအနေနဲ့ ထိုင်းအစိုးရကို လိုအပ်တဲ့ တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းအနေနဲ့ ကျနော်တို့ရဲ့ ထိုင်း ဘုတ်ကော်မတီ လူကြီးတွေကို အစီရင်ခံမယ်။ လိုအပ်တာတွေ ဆောင်ရွက်ရမယ်။ ကျနော်တို့ ပြင်ဆင်နေတာမျိုး ရှိတယ်။ လောလောဆယ်တော့ ဘာမှ ထဲထဲဝင်ဝင် မလုပ်နိုင်သေးဘူး။ ကလေးတွေကတော့ ကျနော်တို့ ကြားသလောက် မြန်မာပြည်ဘက်ကိုတော့ လောလောဆယ် ပြန်မပို့သေးဘူး။ တချို့ ထိုင်းနိုင်ငံတွင်းမှာ ကျောင်းတက်နိုင်အောင် ထိုင်းဖောင်ဒေးရှင်းတချို့က ကလေး ၁၈ ကို လက်ခံထားတယ် ပြောတယ်။ တချို့ ကလေးတွေကတော့ မိဘတွေဆီ ပြန်ပို့မယ် ကြားတယ်။”

“၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ Education for all ဆိုတဲ့ ပညာရေးသည် အားလုံးအတွက် ဖြစ်ရမယ်ဆိုတဲ့ မူဝါဒ ရှိတယ်။ အဲဒါက နိုင်ငံမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရော ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ ကလေးတွေ အတွက် သေချာ ပြဋ္ဌာန်းပြီးသားပါ။ ဒီကလေးတွေ ထိုင်းနိုင်ငံ ထိုင်းအစိုးရကျောင်းတွေမှာ တရားဝင် ပညာသင်ကြားခွင့် ရှိတယ်ဆိုတဲ့ မူဝါဒပါ။ အခုလို ဖြစ်သွားတဲ့ကိစ္စမှာ အစိုးရတွေအနေနဲ့ အစိုးရချင်း လိုအပ်တာများ ပူးပေါင်းပြီး ကလေးတွေ အနေနဲ့ ပညာသင်ခွင့် အခွင့်အရေးကို ကာကွယ်ပေးသင့်တယ်လို့ ပြောချင်တယ်”လို့ FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ကျောင်းမှာ ဒါရိုက်တာ တယောက်၊ စီမံအုပ်ချုပ်ရေး ဝန်ထမ်းတယောက်နဲ့ ဆရာ နှစ်ယောက်သာ ရှိပြီး တိုင်းရင်းသား ကလေးတွေ အမြောက်အမြား လာရောက် အပ်နှံခဲ့ကြောင်း ဇွန်လ အစောပိုင်းမှာ ဒေသခံတွေက အာဏာပိုင်တွေဆီ သတင်းပို့ တိုင်ကြားခဲ့တာပါ။ ကလေး အများစုဟာ ချင်းရိုင်ခရိုင် မြန်မာ-ထိုင်း နယ်နိမိတ်ပေါ်က မဲ့စလောင်းတောင်ပေါ်မှာ ရှိတဲ့ အာခါတိုင်းရင်းသား ကျေးရွာကလို့ သိရပါတယ်။

အခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာ ရွှေ့ပြောင်း ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးမှာကို စိုးရိမ်ရတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ဒါတွေက ကျနော်တို့ နိုင်ငံရဲ့ အနေအထားကို နားမလည်လို့ စာနာမပေးနိုင်တဲ့ အနေအထားမှာ ထိုင်းအာဏာပိုင်တွေက ရှိနေတယ်လို့ ကျနော်တို့အနေနဲ့ ဝမ်းနည်းစွာ တွေ့ရှိရတယ်။ အဓိကကတော့ ဒီအရာသည် နယ်စပ်ဖြတ်ကျော်ပြီး ပညာသင်ဖို့ ကြိုးစားရတာ။ ဘာကြောင့်ပညာသင်ဖို့ ကြိုးစားရလဲဆို ကျနော်တို့ နိုင်ငံမှာ တော်တော်လေး အခြေအနေဆိုးတဲ့ ပညာရေးပြဿနာတွေ ဖြစ်နေလို့၊ ကျနော်တို့ နိုင်ငံက စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်လိုမှ အဆင်မပြေလို့ ဒီဘက်မှာလာပြီးတော့ ခိုကိုးရာ အားကိုးရာဖြစ်ပြီး စာလာသင်တာပေါ့။ ဒီလိုလူတွေကို တဖက် (မြန်မာနိုင်ငံ) ကို ပြန်ပို့ပြီး လက်ခံတဲ့သူတွေကို တရားစွဲဖို့ လုပ်တာ ကျနော်တို့ အနေနဲ့ တော်တော်လေးကို စိတ်မကောင်းဘူး။ ဒါသည် ပညာရေး အခွင့်အရေးတခုကို ချိုးဖောက်ခံရတယ်လို့ ခံစားရတယ်”လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမင်းခန့်ကျော်လင်းက ပြောပါတယ်။

ထိုင်းမှာ နိုင်ငံမဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေဟာ တရားဝင် ပညာသင်ကြားခွင့် ရှိတာကြောင့် အခုလို လူနည်းစု တိုင်းရင်းသားကလေးငယ်တွေကို ပြန်လည် ပို့ဆောင်တာဟာ မသင့်လျော်သလို လိုလည်း မလိုအပ်ဘူးလို့ ချင်းမိုင်တက္ကသိုလ်ရဲ့ ဥပဒေဌာန ဒုအုပ်ချုပ်ရေးမှူး လက်ထောက်ပါမောက္ခ ဒါရူနီးပိုင်ဆန်ပနစ်ချ်ကူးလ်က ပြောပါတယ်။

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းမှာ ဘယ်လူမျိုးဖြစ်ပါစေ၊ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ ကလေးသူငယ်တိုင်း ပညာသင်ကြားခွင့်ရရမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013