
ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖယ်ခုံအစပ်နားမှာ ဒေသခံပြည်သူတွေနဲ့အတူ Clean Yangon က အဖွဲ့သားတွေပူးပေါင်းပြီး သစ်ပင်ပန်းပင်ပေါင်း ၂၀၀၀ ကျော်ကို ဇူလိုင် ၉ ရက်က စိုက်ပျိုးခဲ့ကြပါတယ်။
Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက “Clean Yangon ရယ် ကျေးရွာဒေသခံတွေစုပေါင်းအားနဲ့ ချယ်ရီ၊ ခါတော်မှီ၊ စိန်ပန်းအနီ အပြာအပင်ပေါင်း နှစ်ထောင်ပါဝင်ပါတယ်။ လူ ၁၀၀ လောက်ပါဝင်ပါတယ်”လို့ ပြောပါတယ်။
ဒီးမော့ဆိုနဲ့ ဖယ်ခုံအစပ်နားက အဓိက ကားလမ်းမကြီးတွေရဲ့ လမ်းဘေး ဝဲယာဘက်တွေမှာ သစ်ပင်ပန်းပင် ၂၀၀၀ ကျော်ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေ များလာတဲ့အတွက် သစ်ခုတ်ယူမှုတွေများ လာတာကြောင့်၊ စိမ်းလန်းစိုပြေစေချင်တာကြောင့်အပြင် အစားထိုးသစ်ပင်တွေ စိုက်ပေးချင်တာ ကြောင့် သစ်ပင်တွေ ပန်းပင်တွေ စိုက်ပျိုးဖြစ်တယ်လို့ ဆိုပါတယ်။
Clean Yangon အဖွဲ့သားတွေက ကရင်နီပြည်နယ်မှာ သစ်ပင်ပန်းပင်စိုက်ပျိုးမှုကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ကရင်နီဒေသက စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း အလှူရှင်တွေကိုယ်စား သွားရောက် လှူဒါန်းပေးနေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။










