

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ် နူးအာ့ခ်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မော်တော်ယာဉ်တင် ကုန်သင်္ဘောကြီးပေါ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ညလုံးပေါက် မီးငြှိမ်းသတ်ခဲ့ရမှုအတွင်း မီးသတ်သမား ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။
မီးလောင်မှုအတွင်း သေဆုံးသွားတဲ့ မီးသတ်သမား ၂ ယောက်ကို ပြန်ရှာဖွေခဲ့ပေမဲ့ မတတ်နိုင်ခဲ့ကြောင်းနဲ့ မီးခိုးမွှန်ပြီး မီးလောင်ဒဏ်ရာတွေ ရခဲ့တဲ့ တခြားမီးသတ်သမား ၅ ဦးကိုတော့ ဆေးရုံပို့ထားတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
“ဒါဟာ နူးအာ့ခ်မြို့နဲ့ နူးအာ့ခ် မီးသတ်သမားတွေအတွက် သာမန်မီးလောင်မှု မဟုတ်ကြောင်းနဲ့ မီးအမျိုးအစားက မတူဘူး” လို့ မီးသတ်အကြီးအကဲ ရူးဖှတ်စ် ဂျက်ဆင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မီးသတ်သမားတွေက ဇူလိုင် ၆ ရက်နေ့ မွန်းလွဲပိုင်းမှာလည်း မီးကို ဆက်လက်ငြှိမ်းသတ်နေပါတယ်။
မော်တော်ကား အသစ်၊ အဟောင်း အစီးပေါင်း ၁,၂၀၀ လောက် တင်ဆောင်ထားတဲ့ အီတလီအလံလွှင့် ဂရန်းဒဲ ကိုစ်တာ ဒါ ဗော်ရီယို ကုန်တင်သင်္ဘောကြီးရဲ့ ကုန်းပတ်ပေါ်မှာ ဇူလိုင် ၅ ရက်နေ့ အရှေ့ပိုင်းစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သင်္ဘောအော်ပရေတာ ဂရီမာလ်ဒီ ဒိ(ပ်)ဆီးက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
မီး စတင်လောင်ကျွမ်းပုံကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ပင်လယ်ပြင်မှာ လောင်စာဆီယိုဖိတ်မှု မတွေ့ရှိရကြောင်းနဲ့ သင်္ဘောရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်ပုံ မပေါ်ကြောင်းလည်း ဂရီမာလ်ဒီ ဒိ(ပ်)ဆီးက ထုတ်ပြန်ထားပါတယ်။
သင်္ဘောအမှုထမ်း ၂၈ ဦး လိုက်ပါလာတဲ့ သင်္ဘောပေါ်မှာ ကားတွေ၊ ဗင်ကားတွေနဲ့ လှိမ့်စက်ကိရိယာတွေအပြင် သင်္ဘောကွန်တိန်နာ ၁၅၇ လုံးကိုလည်း သယ်ဆောင်လာခဲ့တာပါ။
လျှပ်စစ်ကားတွေ သို့မဟုတ် အန္တရာယ်ရှိ ကုန်ပစ္စည်းတွေကို မတင်ဆောင်လာကြောင်း ကုမ္ပဏီက ဆိုပါတယ်။
Source - Reuters










