

ရုရှားပုန်ကန်မှုရဲ့ ခေါင်းဆောင် ယက်ဗ်ဂျေညီ ပရီဂေါ့ရှင်ကို အသရေဖျက် ဂုဏ်သိက္ခာချတဲ့အနေနဲ့ ပရီဂေါ့ရှင်ရဲ့ နန်းတော်ကို ပြင်းထန်တဲ့ စီးနင်းတိုက်ခိုက်မှု လုပ်ဆောင်တာကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဇူလိုင် ၅ ရက် ညပိုင်းမှာ ထုတ်လွှင့်ပြသခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။
ဇူလိုင် ၅ ရက် Rossiya-1 ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ “မိနစ် ၆၀” အစီအစဉ်မှာ ပရီဂေါ့ရှင်ရဲ့ စိန့်ပီတာစဘတ် ရုံးခန်းနဲ့ သူ့နန်းတော်တွေထဲက တခုကို တရားဥပဒေစိုးမိုးရေးအဖွဲ့က စီးနင်းမှု ဗွီဒီယိုဖိုင်ကို ပြသခဲ့တာပါ။
ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ကို တည်ထောင်သူ ပရီဂေါ့ရှင်ဟာ စစ်ရေးလှုပ်ရှားမှုတွေမှာ အရည်အချင်းမရှိဘူးလို့ စွပ်စွဲထားတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်တို့ကို ဖြုတ်ချဖို့ ရည်ရွယ်ပြီးတော့ ပုန်ကန်ခဲ့တာပါ။
သူ့ရဲ့ပုန်ကန်မှုဟာ အနှစ် ၂၀ ကျော် အာဏာရလာခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာခဲ့တာပါ။
ဇွန် ၂၄ ရက်က ရုရှားနိုင်ငံတောင်ပိုင်းက ရော့စ်တော့ဗ် အွန်ဒွန်မြို့နဲ့ အဲဒီမြို့က စစ်ဌာနချုပ်ကိုလည်း သိမ်းပိုက်ခဲ့ပြီး သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို မော်စကို ကို စေလွှတ်ခဲ့ပါတယ်။
အဲဒီနောက် ဘီလာရုစ်သမ္မတရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကရင်မလင်နဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူ့ရဲ့ လက်နက်ကိုင် သူပုန်ထမှုကို အဆုံးသတ်ခဲ့ပါတယ်။
ပရီဂေါ့ရှင်ရဲ့ ပုန်ကန်မှုကို အဆုံးသတ်လိုက်တဲ့ သဘောတူညီချက်အရ ပရီဂေါ့ရှင်အား အိမ်နီးချင်း ဘီလာရုစ်ကို ပြောင်းရွှေ့ဖို့ ရည်ရွယ်ခဲ့ပြီး အပြန်အလှန်အားဖြင့် သူ့ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေကို ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘီလာရုစ်သမ္မတ အလက်ဆန်ဒါ လူကာရှန်ကိုက ပရီဂေါ့ရှင်ဟာ လက်ရှိမှာ ဘီလာရုစ်ပိုင်နက်မှာ မရှိဘဲ ရုရှားရဲ့ စိန့်ပီတာစဘတ်မြို့ကို ရောက်နေကြောင်းနဲ့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားထိန်းချုပ်နယ်မြေထဲက သူတို့ရဲ့ အမြဲတမ်း စခန်းတွေမှာ ရှိနေခဲ့ကြောင်း ဇူလိုင် ၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ပရီဂေါ့ရှင်ဟာ နိုင်ငံပိုင် TV ထုတ်လွှင့်ချက်နဲ့ လူကာရှန်ကိုရဲ့ မှတ်ချက်တွေအပေါ် ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
Source - Reuters










