DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အုပ်စု၏ လူ့အခွင့်ရေးချိုးဖောက်မှု အိုင်စီစီထံ လွှဲပြောင်းပေးရန် ကုလ တိုက်တွန်း
DVB
·
July 7, 2023
အာဏာသိမ်းစစ်အုပ်စု၏ လူ့အခွင့်ရေးချိုးဖောက်မှု အိုင်စီစီထံ လွှဲပြောင်းပေးရန် ကုလ တိုက်တွန်း
Donate to DVB

အာဏာသိမ်းစစ်အုပ်စုရဲ့ တစ်နေ့တခြား ပိုမိုဆိုးဝါးလာနေတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအတွက် လုံခြုံရေးကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၆ ရက် မနေ့က ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေနဲ့ မွေးကင်းစကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေဟာ စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုဒဏ်ကို ခံနေကြရတယ်လို့ ဆိုပါတယ်။

ပိုမိုပြီးတော့ ဆိုးဝါးလာတဲ့ စီးပွားရေးအကျပ်အတည်းနဲ့အတူ လူဦးရေနဲ့ ဆင်းရဲမွဲတေမှု အခြေအနေတွေဟာလည်း ပိုမိုများပြားလာခဲ့ပြီး ဒီလိုပဋိပက္ခ အခြေအနေမှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ သတင်းသမားတွေရဲ့ အသံတွေဟာလည်း ဖိနှိပ်မှုအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးတာ၊ ပျောက်ဆုံးတာတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ဆက်လက်ဖြစ်ပွားနေပြီး လူနည်းစုတွေဟာ နိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ထပ်မံကြုံတွေ့နေရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လုံခြုံရေးနဲ့ အကာကွယ်မဲ့နေကြသူတွေဟာလည်း နိုင်ငံနယ်နိမိတ်တွေကို ဖြတ်ကျော်ပြီးတော့ တဖက်နိုင်ငံတွေမှာ တိမ်းရှောင်ခိုလှုံနေရသူ အရေအတွက်ဟာလည်း တိုးလာနေ ပြီးတော့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဦးရေ ၁ သန်းကျော် ကျန်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ မြန်မာနိုင်ငံကို ပြန်နိုင်ဖို့ အခြေအနေတွေ မရှိသေးတဲ့အပြင် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ သူတို့ရဲ့ မူရင်းရပ်ရွာ ရခိုင်ပြည်နယ်မှာလည်း စစ်တပ်က ရက်စက် ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုအနေနဲ့ နေ့စဉ်နဲ့အမျှ “ဖြတ်လေးဖြတ်” စီမံချက်နဲ့ အရပ်သားပြည်သူတွေပါမချန် လေကြောင်းကရော မြေပြင်ကပါ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေနဲ့အတူ အမိုးအကာ၊ စားနပ်ရိက္ခာ၊ ရေနဲ့ အသက်ကယ် ထောက်ပံ့မှုတွေလည်း ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းက အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်း အနည်းဆုံး အိမ်ခြေ ၇၀,၀၀၀ လောက်ကို မီးရှို့ခဲ့ပြီး ၇၀ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်း ဒေသကြီးမှာ ဖြစ်ကာ လူဦးရေ ၁ သန်းခွဲကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အသက်ဆုံးရှုံးတာ၊ လူနေအိမ်ခြေတွေ ပျက်စီးဆုံးရှုံးတာတွေ များပြားလာနေပြီးတော့ အခု ၂၀၂၃ ခုနှစ် ပထမ ၆ လတာအတွင်းမှာတင် ကျေးရွာတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေး အဆောက်အအုံတွေအပါအဝင် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အရင်နှစ်ကထက် လေကြောင်းတိုက်ခိုက်မှု ၃၃ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုမှာတော့ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၁၆၈ ယောက် သေဆုံးခဲ့ရပါတယ်။

လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေဟာလည်း သိသိသာသာ တိုးလာခဲ့ပြီး အခုနှစ်ထဲမှာ ၅၆၃ ကြိမ်ရှိခဲ့ကာ အရင်နှစ်က တိုက်ခိုက်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက် ရှိနေခဲ့ကာ ဒါတွေက နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေ အခြေခံမူတွေကို လုံးဝဂရုမစိုက်ဘဲနေတာလို့ ဆိုပါတယ်။

ဒါကြောင့်မို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်း အောင်လှိုင်နဲ့ စစ်တပ်အပေါ် ဒီအကျပ်အတည်းတွေ အဆုံးသတ်နိုင်ဖို့အတွက် အမြင့်ဆုံး ဖိအားပေးရမယ့် တာဝန်ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က သတိပေးလိုက်တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013