DVB Logo
Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ် စာချုပ်တွင် လွယ်ကူသည့် အသုံးအနှုန်းများသုံးရန် သမ္မတမှာကြား
DVB
·
July 14, 2014
တပြည်လုံးအပစ်ရပ် စာချုပ်တွင် လွယ်ကူသည့် အသုံးအနှုန်းများသုံးရန် သမ္မတမှာကြား
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးကြတဲ့အခါမှာ စာချုပ်ထဲမှာ လွယ်ကူုတဲ့ အသုံးအနှုန်းတွေသာ သုံးစွဲဖို့ သမ္မတ ဦးသိန်းစိန်က မှာကြားလိုက်ပါတယ်။

[caption id="attachment_39191" align="alignright" width="300"]ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]

တပြည်လုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးကြ တဲ့အခါမှာ သမ္မတအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေး သွားမှာဖြစ်ပြီး စာချုပ်မှာ လွယ်ကူရှင်းလင်းတဲ့ အသုံးအနှုန်းတွေ သုံးစွဲဖို့  အစိုးရငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေက တဆင့် မှာကြားလိုက်ပါတယ်။

အစိုးရငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေဟာ အန်စီစီတီလို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်တွေနဲ့  ထိုင်းနိုင်ငံချင်းမိုင်မှာ ဇူလိုင် ၁၃ ရက်နေ့က အလွတ်သဘောတွေ့ဆုံပြီး သမ္မတရဲ့ မှာကြားချက်တွေကို လာရောက်ပြောကြားခဲ့တယ်လို့ အန်စီစီတီအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရကြား သဘောတူချက်တွေ လက်မှတ်ရေးထိုးရာမှာ ဥပဒေကြောင်းနဲ့အညီ တရားဝင်လက်မှတ်ရေးထိုးမှာဖြစ်တဲ့အတွက် ဥပဒေဘောင်ပုံစံထဲဝင်အောင် ရေးသားဖို့လည်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့ အစိုးရဘက်က အဆိုပြုထားတဲ့ အချက်ပေါင်း ၁၃ ချက်ရှိပြီး တိုင်းရင်းသားဘက်က တင်ပြထားတာတော့ အချက်ပေါင်း ၉ ချက်ရှိကာ တူညီတဲ့ သဘောထားတွေရရှိဖို့ အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းနေတာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ အချက်ပေါင်းအတော်များများ ညှိနှိုင်းလို့ရခဲ့ပြီဖြစ်ပြီး အနည်းငယ်သာ ကျန်တော့ကြောင်း၊ နောက်ထပ် ၂ ကြိမ် သုံးကြိမ် ဆွေးနွေးဖို့ပဲ ကျန်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ယခင်ဆွေးနွေးချက်တွေအရ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကိစ္စ၊ ၂၀၀၈ အခြေခံဥပဒေ လက်ခံရေး မခံရေးပြဿ   နာနဲ့ တည်ဆဲဥပဒေကို လက်ခံရေး မခံရေးကိစ္စတွေမှာ အခြေအတင်ဆွေးနွေးနေရတုန်းဖြစ်ပြီး ဒီတခေါက်တွေ့ဆုံမှုမှာတော့ ဒီကိစ္စတွေ ဆက်မဆွေးနွေးသေးဘူးလို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း ကေအိုင်အေဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး အဲဒီဆွေးနွေးပွဲပြီးတဲ့နောက်မှာမှ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

မနေ့ညနေပိုင်းက တွေ့ဆုံမှုမှာ အန်စီစီတီဘက်က ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နဲ့ ပဒိုဒေးဗစ်သာကဘော တို့ ပါဝင်ပြီး ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များဘက်ကတော့ ဦးလှမောင်ရွှေ၊ ဦးညိုအုန်းမြင့်၊ ဦးမင်းဇော်ဦး၊ ဦးမောင်မောင်သန်း အစရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ကိုယ်စား လှယ်တွေနဲ့လည်း အလွတ်သဘောတွေ့ဆုံခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ အန်စီစီတီ ထဲမှာ မပါဝင်တဲ့အတွက် သီးသန့်တွေ့ဆုံပြီး သမ္မတရဲ့ လမ်းညွှန်ချက်တွေ ပြောပြခဲ့တယ်လို့  အကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။

တွေ့ဆုံမှုမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဘက်က ဗိုလ်မှူးကြီး စိုင်းလ၊ ဗိုလ်ချုပ် ပေါင်ခေး နဲ့ ဗိုလ်မှူးကြီး စိုင်းငင်းတို့ အဓိက ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013